
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နဲ့ နမ့်ခမ်းကြားမှာ မနေ့ ဩဂုတ် ၂ ရက်က စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ TNLA, PDF ပူးပေါင်းအဖွဲ့တို့အကြား လွယ်တေးမိန်းဝောာင် တိုက်ပွဲမှာ TNLA နဲ့ PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ကနေ လက်နက်အများအပြား ရရှိကြောင်း ရှေ့တန်းနဲ့ နီးစပ်သူ ဒေသခံတွေဆီက သိရပါတယ်။
“စစ်ကောင်စီဘက်က တော်တော်သေတယ်။ အလောင်းတောင် မကောက်နိုင်ဘူး” လို့ ဇယ်လန့် ဒေသခံတဦးက ပြောပါတယ်။
ဇယ်လန့်ရွာ အရှေ့ဘက်ရှိ လွယ်တေးမိန်း (ရသေ့) တောင်ကြောမှာ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ TNLA, PDF ပူးပေါင်းအဖွဲ့တို့အကြား ဩဂုတ် ၂ ရက် မနက် ၁၀ နာရီ ကျော်လောက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ နောက်တဦးကလည်း “မနေ့က TNLA လက်နက်ပစ္စည်းတွေ တော်တော် သိမ်းဆည်းရမိတယ်။ ကောင်ရာဘက်မှာ ရောပဲ။ စစ်ကောင်စီတွေကို အမဲလိုက်သလို အော်ပြီး လိုက်မောင်းထုတ်နေတာ။ အသံတောင် ကြားရတယ်” လို့ ပြောပါတယ်။
ငါးကြင်းမြီးတလက် အပါအဝင် လက်နက်ကြီးကျည်တွေနဲ့ လက်နက်ငယ်တွေ၊ ကျည်ဆန်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေအပြင် စစ်ကောင်စီ အလောင်း ၃ လောင်းပါ ရရှိတယ်လို့ ဆိုပါတယ်။
နမ့်ခန်းနဲ့ မူဆယ်ကြား ဇယ်လန့်ရွာ အနီးဝန်းကျင်မှာ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ TNLA, PDF ပူးပေါင်းအဖွဲ့တို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာပါ။











