DVB Logo
Home
မြန်မာသတင်း
အင်းတော်နှင့် ခါမ်းပါတ်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သားအချို့ သေဆုံး
DVB
·
August 3, 2023
အင်းတော်နှင့် ခါမ်းပါတ်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သားအချို့ သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ သြဂုတ် ၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်မောင်း ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ နဘားလမ်းဆုံအနီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က အရပ်သား မော်တော်ယာဉ်တစီးကို ပစ်ခတ်ခဲ့တဲ့ အတွက် ယာဉ်မောင်း ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

“နဘားလမ်းဆုံနားမှာ တိုက်ပွဲဖြစ်နေတော့ စစ်တပ်က လမ်းသွားလမ်းလာ မော်တော်ယာဉ်တွေကို အကုန်စစ်တယ်။ အဲ့ဒီမှာ Lightrack တစီးက ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့လှမ်းပစ်တာ။ ယာဉ်မောင်းသေတယ်၊ ခရီးသည် ၂ ဦး ဒဏ်ရာရတယ်။ ခု ကသာဆေးရုံကို ပို့ထားတယ်” လို့  ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ မော်တော်ယာဉ်ဟာ အင်းတော်မြို့နယ်ကနေ မန္တလေးမြို့ကို သွားရောက်မှာဖြစ်ကာ သေဆုံးသွားသူကတော့ စစ်ကိုင်းမြို့နယ်မှာ နေထိုင်သူတဦးဖြစ်ပြီး ခရီးသည် ၂ ဦးလည်း ကျည်ထိမှန်ကာ ဦးခေါင်းပိုင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အင်းတော်ဘက်ကနေ နဘားကျေးရွာဘက်ကို တပ်မ ၈၈ လက်အောင်ခံ ခမရ ၄၁၆ တပ်က စစ်ကြောင်းထိုးလာစဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က နဘားလမ်းဆုံအနီး စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုကိုတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အင်းတော်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး  ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း အင်းတော်မြို့နယ် နံသာကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့မှာလည်း တပတ်အတွင်း စစ်ကောင်စီတပ်က အရပ်သား ဒေသခံ ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇူလိုင် ၂၈ ရက် မနက်ပိုင်းက တိုက်ပွဲတွေ ငြိမ်သက်နေစဉ် နေအိမ်ကိုပြန်လာတဲ့ အမှတ် ၂ ရပ်ကွက်က ချင်းတိုင်းရင်းသား လာလ်ရမ်ရွန်သာတို့ ညီအစ်ကိုနှစ်ဦးဟာ စစ်ကောင်စီရဲ့ ပတ်ကင်းနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် လာလ်ရမ်ရွန်သာကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူကတော့ ဒဏ်ရာရရှိခဲ့တာလို့ ပြောပါတယ်။

ဇူလိုင် ၂၆ ရက် ညကလည်း စစ်ရှောင်ရာကနေ နေအိမ်ကိုပြန်လာတဲ့ ခါမ်းပါတ်မြို့နေ မီဇိုးတိုင်းရင်းသား အမျိုးသားတဦး စစ်ကောင်စီရဲ့ ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ခါမ်းပါတ်မြို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “သေဆုံးတဲ့သူတွေက အရပ်သားတွေပါ။ စစ်ဘေးရှောင်ရင်း လိုအပ်တဲ့ပစ္စည်းတွေ အိမ်ကိုပြန်ယူတုန်း စစ်သားတွေရဲ့ ပစ်သတ်ခံလိုက်ရတာ။ စစ်သားတွေအနေနဲ့ တိုက်ပွဲတွင်းမှာ အရပ်သားမှန်း မသင်္ကာလို့ စစ်ဆေးတယ်ဆိုလည်း တော်သေး၊ အခုဟာက ဘာမှမလုပ်ရဘဲ မြင်တာနဲ့ ပစ်သတ်တာ‌ကတော့ မဟုတ်သေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

‌စစ်ကောင်စီရဲ့ ပစ်သတ်ခံခဲ့ရတဲ့ ဒေသခံရုပ်အ‌လောင်းတွေကိုတော့ လူမှုကူညီရေးအသင်းက ဦးဆောင်ကာ ကလေးမြို့ကို သယ်ဆောင်ခဲ့ပြီး ဒိုးဝိုင်းချောင်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၂ ရက် ညအစောပိုင်းကလည်း တိုက်ပွဲတွင်းက လက်နက်ကြီးကြောင့် ခါမ်းပါတ်မြို့ခံ အမျိုးသားတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။

ဇူလိုင် ၂၂ ရက်ကစတင်ပြီး ခါမ်းပါတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ အသုံးပြုနေသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် ချင်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ခါမ်းပါတ်မြို့က ဒေသခံ ၁ သောင်းခွဲကျော်ဟာလည်း ဘေးလွတ်ရာဒေသတွေ တိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013