DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် အကျဉ်းသား ၂၅၆ ဦးကို ပြန်လွှတ်ပေး၊ နိုင်ငံရေးအကျဉ်းသား ၁ ဦးသာပါဝင်
DVB
·
August 2, 2023
ရခိုင်တွင် အကျဉ်းသား ၂၅၆ ဦးကို ပြန်လွှတ်ပေး၊ နိုင်ငံရေးအကျဉ်းသား ၁ ဦးသာပါဝင်
Donate to DVB

ဒုတိယဝါဆိုလပြည်နေ့၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက အကျဉ်းသား ၇,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ ရခိုင်ပြည်နယ်က အကျဉ်းသား ၂၅၆ ဦး ပါဝင်တယ်လို့ အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။

လွတ်မြောက်လာသူတွေအထဲမှာ နိုင်ငံရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ တဦးသာ ပါဝင်သေးတယ်လို့ လတ်တလော စုံစမ်းချက်တွေအရ သိရပြီး လွတ်မြောက်လာသူ အများစုဟာ မူးယစ်ဆေးမှုတွေနဲ့ ခိုးမှုတွေသာ များတယ်လို့ သိရပါတယ်။

နိုင်ငံရေးမှုနဲ့ လွတ်မြောက်လာသူတဦးကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ ပလက်ဝမြို့က ကိုတင်ထွန်းအောင်ဖြစ်ပြီး စစ်တွေအကျဉ်းထောင်က လွတ်မြောက်လာတာ ဖြစ်ပါတယ်။

လွတ်မြောက်လာသူရဲ့ အစ်ကိုဖြစ်သူ ကိုမင်းအောင်က “ကျနော့်ညီကတော့ လွတ်​လာပါပြီ။ သူနဲ့ လွတ်လာတာနဲ့ ဖုန်းပြောလိုက်ကြရပါတယ်။ အခုတော့ စစ်တွေမှာပဲ ရှိပါသေးတယ်။ လွတ်မြောက်လာတဲ့အတွက်လည်း ဝမ်းသာမိပါတယ်” လို့ ပြောပါတယ်။

ဒီနေ့လွတ်မြောက်လာတဲ့ ကိုတင်ထွန်းအောင်ဟာ ရခိုင်အခြေစိုက် Western News သတင်းဌာနကို အင်တာဗျူး ဖြေကြားမှုကြောင့် ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး တနှစ်ကျော်အကြာမှာ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကတော့ စစ်တွေအကျဉ်းထောင်က ၃၈ ဦး၊ ကျောက်ဖြူအကျဉ်းထောင်က ၆၄ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်က ၄၉ ဦးနဲ့ သံတွဲအကျဉ်းထောင်က ၁၀၅ ဦးတို့ ဖြစ်ပါတယ်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘဲ မူးယစ်မှုတွေနဲ့ ခိုးမှုတွေကိုသာ လွှတ်ပေးတာဟာ ဒေသအတွင်း ခိုးဆိုလုမှုတွေသာ မြင့်တက်လာနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ကျနော်တို့သိရသလောက် နိုင်/ကျဉ်းက တဦးပဲလွတ်တယ်လို့ သိရသေးတယ်။ ကျန်တာတွေက မူးယစ်မှုတွေနဲ့ ခိုးမှုတွေ များတယ်ဆိုတော့ သူတို့လွတ်လာရင်လည်း ခိုးဆိုးလုမှုတွေ ထပ်များလာနိုင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဦးစားပေးလွှတ်သင့်တယ်။”

စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၇၇၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီး တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးနဲ့ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်သူ ၇၂ ဦးကိုလည်း လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013