ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ ဗလန်တီနာ မတ်ဗီယန်ကိုနဲ့ သြဂုတ် ၁ ရက်က ကရင်မလင်နန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော် စီးပွားရေးခရိုင်မှာရှိတဲ့ အထပ်မြင့်မျှော်စင်ကို မောင်းသူမဲ့ လေယာဉ်နဲ့ ပစ်ခတ်တာ ခံရပြီးတဲ့နောက် နာရီပိုင်းအကြာမှာ တွေ့ဆုံခဲ့တာပါ။
ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ ရုရှားစစ်သားတွေကို ထောက်ပံ့ဖို့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မတ်ဗီယန်ကိုက ပူတင်ဆီ အစီရင်ခံ တင်ပြနေတာကို ကရင်မလင် သတင်းဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပြသခဲ့ပါတယ်။
တနင်္ဂနွေနေ့က တခြားဒရုန်းတိုက်ခိုက်မှုမှာ ဒီအဆောက်အအုံကိုပဲ ထိမှန်ခဲ့ပြီးတဲ့နောက် ဒရုန်းတိုက်ခိုက်မှုအသစ်ဟာ ယူကရိန်းအစိုးရရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူ့တပ်ဖွဲ့တွေဟာ ယူကရိန်းအစိုးရရဲ့ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြိုးပမ်းမှုကို ဟန့်တားခဲ့ပြီး မြို့တော်အနောက်ဘက် ဆင်ခြေဖုံးမှာ မောင်းသူမဲ့ လေယာဉ်နှစ်စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ်မှာ ဖော်ပြခဲ့ပါတယ်။
ရုရှားစစ်တပ်ရဲ့ လေယာဉ်ဖျက်တပ်ဖွဲ့က ကြားဝင်ဖျက်ချခဲ့လို့ တတိယမြောက် ဒရုန်းတစင်းဟာ ထိန်းချုပ်လို့မရတော့ဘဲ မြို့တော်ရဲ့ စီးပွားရေးခရိုင်မှာရှိတဲ့ လူနေအိမ် မဟုတ်တဲ့ အဆောက်အအုံအတွင်း ပျက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မော်စကိုမြို့တော်ဝန် ဆာဂေးလ် ဆိုဗျာနင်က ပြောခဲ့ပါတယ်။
ပင်လယ်နက်ထဲက ရုရှားရေတပ်နဲ့ အရပ်ဘက်သင်္ဘောတွေပေါ်ကို ယူကရိန်းရဲ့ ပင်လယ်ပြင်သုံး မောင်းသူမဲ့ယာဉ်တွေက တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်မှာ ပြောပါတယ်။
အရပ်ဘက်ရေယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ နောက်ထပ် ပင်လယ်ဒရုန်းသုံးစင်းကို ရေတပ်သင်္ဘောတွေက ဖျက်ဆီးခဲ့တယ်လို့ ဝန်ကြီးဌာနက နေ့စဉ်ရှင်းလင်းချက်ထဲမှာ ပြောပါတယ်။
ရုရှားရေတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ အခိုင်အမာ တိုက်ရိုက်မပြောဆိုဘဲ အရပ်ဘက်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလို့ ယူကရိန်းအစိုးရက ငြင်းပါတယ်။
ယူကရိန်းအစိုးရဟာ ခရိုင်းမီးယားမှာရှိတဲ့ ရုရှားရေတပ် အခြေစိုက်စခန်းနဲ့ ကျွန်းဆွယ်ဆီ ရုရှားတည်ဆောက်ခဲ့တဲ့ တံတားတို့ကို ပစ်မှတ်ထားဖို့ အရင်က ဒရုန်းတွေကို သုံးခဲ့ပါတယ်။
ရုရှားဟာ ခရိုင်းမီးယားကို ယူကရိန်းဆီကနေ ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့တာပါ။ မနှစ်က ရုရှား သိမ်းယူထားတဲ့ ယူကရိန်းရဲ့ တခြားနယ်မြေတွေနဲ့အတူ ခရိုင်းမီးယားကို ပြန်ယူဖို့ ယူကရိန်းအစိုးရက ကတိပြုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဘတ်ခ်မွတ်မြို့နားက ရုရှားစစ်တပ်ရဲ့ ကတုတ်ကျင်း တပ်စခန်းတွေကို ယူကရိန်းစစ်သည်တွေက စီးနင်းရင်း တိုက်ခိုက်ရေး ရိုင်ဖယ်တွေနဲ့ ပစ်ခတ်နေတာကို ပြထားတဲ့ ရုပ်သံကို ယူကရိန်းစစ်တပ် ပြန်ကြားရေးဌာနက မနေ့က ဖြန့်ချိလိုက်ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ နိုင်ငံအရှေ့ပိုင်း ဘတ်ခ်မွတ်မြို့ဝန်းကျင် ဧရိယာတွေနဲ့ တောင်ပိုင်းက ရွာတွေကို အာရုံစိုက်ထားပါတယ်။ လချီကြာတဲ့ တိုက်ပွဲတွေအပြီး မေလက ရုရှားတပ်တွေက ဒီမြို့ကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
Source - Reuters










