တရုတ်နိုင်ငံ မြို့တော် ပေကျင်းတဝိုက်မှာ ဩဂုတ် ၁ ရက်က မိုးသည်းလို့ လူ ၂၀ ထက်မနည်း သေဆုံးပြီး ၂၇ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် လမ်းတွေပျက်စီးပြီး သစ်ပင်တွေ ပြိုလဲတဲ့အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပါတယ်။
ပေကျင်းမြို့ ဆင်ခြေဖုံးနဲ့ အနားက တီယန်ကျင့်နဲ့ ကျူးကျိုးမြို့တွေက စာသင်ကျောင်းတွေနဲ့ တခြား အများပြည်သူဆိုင်ရာ အဆောက်အအုံတွေမှာ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ပေကျင်းမြို့တော်ရဲ့ အနောက်ဘက်အစွန်းက မန်ထူဂူခရိုင်မှာရှိတဲ့ လမ်းမတွေပေါ်မှာ ရွှံ့ရေတွေ တဟုန်ထိုး လွှမ်းမိုးခဲ့ပါတယ်။
မြို့ခံ လျူရွှမ်းဘောင်က “လမ်းပေါ်မှာရပ်ထားတဲ့ ကားတွေ မျောပါသွားတယ်၊ ကျနော့်တိုက်ခန်း အဆောက်အဦ နောက်မှာ ရပ်ထားတဲ့ ကားနှစ်စီးဟာ တမိနစ်အတွင်းမှာပဲ ပျောက်သွားတယ်” လို့ ပြောပါတယ်။
ဒေသခံတွေက ရွှံ့နွံတွေကြားမှာ သွားလာနေတုန်း လမ်းတွေကိုရှင်းဖို့ အရေးပေါ် လုပ်သားတွေက မြေကော်စက် ဘူဒိုဇာတွေကို သုံးခဲ့ရပါတယ်။
ပေကျင်းမှာ လူ ၁၁ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၂၇ ဦးကို ရှာနေတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့တာပါ။
မြို့တော်ကို ဝန်းရံထားတဲ့ ဟော့ပေးပြည်နယ်မှာ လူကိုးဦး သေဆုံးခဲ့ပါတယ်။ ဖှုန့်ရှန်းခရိုင်က အိမ်ခြေ ၆ သောင်းလောက်အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ဖီးနစ်ခ်စ် ရုပ်သံဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။
ပေကျင်းမြို့အနောက်တောင်ပိုင်း၊ ကျူးကျိုးမြို့တွင်း အန္တရာယ်များတဲ့ ဒေသတွေက လူပေါင်း ၁ သိန်း ၂ သောင်းခွဲလောက် ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်းခဲ့ကြတယ်လို့ ဆင်ဟွာက ပြောပါတယ်။
ပိတ်မိနေသူတွေကို ကယ်ဖို့ အသက်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အလုံးစုံဆောင်ရွက်ကြဖို့ ဒေသန္တရအစိုးရတွေကို သမ္မတ ရှီကျင့်ဖျင်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
Source - Reuters










