
တိုင်ဖွန်းမုန်တိုင်း ဒေါ့ခ်ဆူရီရဲ့ အင်အားအကြွင်းအကျန်တွေကြောင့် သီတင်းပတ်ကုန်က တရုတ်နိုင်ငံ ဟီနန်၊ ဂန်စုနဲ့ ရှန်တုန်းပြည်နယ်တွေမှာ မိုးသည်းထန်ခဲ့ပြီး ရေတွေမြင့်တက်ခဲ့လို့ လမ်းတွေကို ရေလွှမ်းခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဇူလိုင် ၃၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
တောင်တက်လမ်းက ဆက်တိုက်ပြိုကျနေပြီး ရေလွှမ်းနေတာကို လုံခြုံရေးကင်မရာ CCTV က ရိုက်ကူးထားတဲ့ ပုံတွေထဲမှာ တွေ့ရပါတယ်။
ပိတ်မိနေတဲ့ အလုပ်သမားနှစ်ဦးကို ကယ်ထုတ်ဖို့ အရေးပေါ်ဝန်ထမ်းတွေက ကြိုးတံတားတခု ဖန်တီးခဲ့ရပါတယ်။
တရုတ်မြို့တော် ပေကျင်းမှာ မိုးအဆက်မပြတ်ရွာလို့ မြစ်ရေလျှံခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
နိုင်ငံအတွင်း အမြင့်ဆုံး မိုးလေဝသ သတိပေးချက်ဖြစ်တဲ့ အနီရောင်အဆင့် ရေကြီးမှု သတိပေးချက်ကို ပေကျင်း မိုးလေဝသ အာဏာပိုင်တွေက ဇူလိုင် ၃၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အငယ်စားနဲ့ အလတ်စား မြစ်တွေမှာ ရုတ်တရက် ရေကြီး မြေပြိုတာတွေ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။
ဇူလိုင် ၃၁ ရက် မနက် ၈ နာရီကနေ ၁၀ နာရီအတွင်း ပေကျင်းမှာ မိုးရေချိန် ၁၅၇ ဒသမ ၈ မီလီမီတာထိ ရွာချခဲ့ပြီး ဆင်ခြေဖုံးက ဖှုန့်ရှန်းခရိုင်က ရွာတရွာမှာ အမြင့်ဆုံး ၅၃၈ မီလီမီတာ ကျော်လွန်ခဲ့တယ်လို့ နောက်ဆုံးရ အချက်အလက်တွေက ပြထားပါတယ်။
လူ ၂၂ သန်းနေထိုင်ရာ ပေကျင်းမြို့အနောက်ဘက်က ခရိုင်ငါးခုကို ဖြတ်သန်းစီးဆင်းတဲ့ ယုံဒင်မြစ်ဟာ တစက္ကန့်ကို ၃,၇၀၀ ကုဗမီတာနှုန်းနဲ့ ရေထုတ်လွှတ်နေပြီး မြို့တော်မှာ နှစ်ပေါင်း ၅၀ အတွင်း တကြိမ် ရေလွှမ်းမိုးမှု ဖြစ်လာပါတယ်။
ပေကျင်းမြို့တော် အနောက်ဆင်ခြေဖုံး မန်ထူဂူခရိုင်မှာ မိုးကြီးလို့ မြစ်ရေတွေတက်လာပြီး လမ်းတွေ ရေလျှံတဲ့အတွက် လူနှစ်ဦး သေဆုံးခဲ့သလို ကားအများအပြား မျောပါသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။
မိုးမကြီးမီ ပျမ်းမျှမိုးရေချိန် ၃၂၀ ဒသမ ၈ မီလီမီတာအထိရှိတဲ့ မန်ထူဂူ တောင်တန်းဒေသတွေက လူပေါင်း ၅,၀၀၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မြို့တော် အနောက်တောင်ပိုင်း ဖှုန့်ရှန်းခရိုင်က တာ့ရှီးမြစ်အပိုင်းမှာ ရေလွှမ်းတာတွေ ကြုံတွေ့ရနိုင်လို့ မြစ်တွေနဲ့ ဝေးဝေးနေဖို့ လူတွေကို သတိပေးထားပါတယ်။
ပေကျင်းမြို့တော်က ရာနဲ့ချီတဲ့လမ်းတွေ ရေလွှမ်းနေပြီး မန်ထူဂူနဲ့ ဖှုန့်ရှန်းခရိုင်တွေမှာ မြေပြိုတာနဲ့ အသေးစား လျှပ်တပြက်ရေလွှမ်းတာလို တခြားအရေးပေါ်အခြေအနေ အများကြီး ရှိနေတယ်လို့ WeChat မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ့ခ်ဆူရီ တိုင်ဖွန်းမုန်တိုင်းဟာ တရုတ်နိုင်ငံမှာ အခုနှစ်တွေအတွင်း အပြင်းထန်ဆုံး မုန်တိုင်းတွေထဲက တခုဖြစ်ပြီး သီတင်းပတ်ကုန်ရက်က တောင်ပိုင်း ဖှုကျန်းပြည်နယ်မှာ နေရာအနှံ့ ရေကြီးရေလျှံခဲ့ပြီး လူထောင်ပေါင်းများစွာ သူတို့အိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
ဒေါ့ခ်ဆူရီမုန်တိုင်းက အင်အားဆက် ကျဆင်းနေချိန်မှာ တိုင်ဖွန်း ခါနန်က ချဉ်းကပ်လာနေပြီး ခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံရဲ့ လူဦးရေထူထပ်တဲ့ ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။
Source - Reuters











