
အာဂျင်တီးနား ထိပ်တန်းကလပ် ဘိုကာဂျူနီယာအသင်းဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ကာဗာနီကို ခေါ်ယူနိုင်ခဲ့တယ်လို့ ဇူလိုင် ၃၀ ရက်မှာ ကြေညာပါတယ်။
အီဒင်ဆင် ကာဗာနီဟာ မန်ယူနိုက်တက်အသင်းကနေ ဗလင်စီယာအသင်းကို ပြောင်းရွှေ့ပြီး တနှစ်အကြာ အသင်းမှာ မပျော်ရွှင်တော့တာကြောင့် ဗလင်စီယာအသင်းကို လျော်ကြေး ၁ ဒသမ ၃ သန်းပေးကာ စာချုပ်ဖျက်သိမ်းခဲ့တယ်လို့ နာမည်ကျော်သတင်းထောက် ဖေဘရီဇီအို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။
ဗလင်စီယာအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ကာဗာနီဟာ ဘိုကာဂျူနီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခဲ့တာဖြစ်ပြီး ၁ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ကာ ကျောနံပါတ် ၁၀ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
ဗလင်စီယာအသင်းက “အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ မက်စ်တဲလာနဲ့ ဗလင်စီယာတို့ဟာ အမြဲတမ်း မင်းရဲ့အိမ်ပါပဲ။ မင်း အသင်းသစ်မှာ ကံကောင်းပါစေ” လို့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နှုတ်ဆက်ခဲ့ပါတယ်။
ကာဗာနီဟာ မန်ချက်စတာယူနိုက်၊ ပီအက်စ်ဂျီ၊ နာပိုလီ၊ ဗလင်စီယာနဲ့ ပါလာမိုအသင်းတို့မှာ ပွဲပေါင်း ၆၃၈ ပွဲ ပါဝင်ကစားပြီး ၃၆၆ ဂိုး သွင်းယူခဲ့ပါတယ်။
ဥရုဂွေးအသင်းအတွက်လည်း ၁၃၃ ပွဲကစား ၅၇ ဂိုး သွင်းယူခဲ့ကာ ၂၀၁၁ ကိုပါအမေရိကဖလားကို ရရှိခဲ့ပါတယ်။










