DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကို နိုင်ငံတည်ငြိမ်မှ ကျင်းပမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြောပြန်
DVB
·
July 31, 2023
ရွေးကောက်ပွဲကို နိုင်ငံတည်ငြိမ်မှ ကျင်းပမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြောပြန်
Donate to DVB

ရွေးကောက်ပွဲကို နိုင်ငံတည်ငြိမ်ပြီး အေးချမ်းမှ ပြန်လည်ကျင်းပပြီး အရပ်သားအစိုးရကို အာဏာလွှဲပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက် ဒီကနေ့မနက် နေပြည်တော်မှာကျင်းပတဲ့ ကာလုံအစည်းအဝေးမှာ ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၃) ကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် အပါအဝင် စစ်ဗိုလ်ချုပ်ကြီးတွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “အခုချိန်က နိုင်ငံက မတည်ငြိမ်ဘူး၊ PDF ကလည်း တပ်မတော်ကို တိုက်နေတယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတည်ငြိမ်အောင် စောင့်ရမယ်။ ရွေးကောက်ပွဲကျင်းပရင် နှစ်မျိုးရှိတယ်။ တမျိုးက ကရင်၊ ကယား၊ ချင်း၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးက မြို့နယ်တချို့ ချန်ပြီး ကျင်းပရမယ်။ နောက်တနည်းက တနိုင်ငံလုံး လွှမ်းခြုံပြီး ကျင်းပရမယ်။ လုံခြုံရေးတော့ ယူရမယ်။ အဲလိုလည်း မဖြစ်ချင်ဘူး။ အဲဒါကြောင့် တည်ငြိမ်မှ ကျင်းပမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာစသိမ်းတဲ့ အချိန်တုန်းကလည်း  ၁ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြီး ပြည်သူထံ အာဏာလွှဲပေးမယ်လို့ ပြောခဲ့ဖူးပေမဲ့ အခုအချိန်ထိ အာဏာသိမ်းသက်တမ်းကို အကြောင်းအမျိုးမျိုးပြပြီး တရားမဝင် ထပ်တိုးနေတာ ဖြစ်ပါတယ်။

လတ်တလော နိုင်ငံအတွင်းရှိနေတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ပါတီ ၅၀ က မှတ်ပုံတင်ထားပြီး ထပ်မံလျှောက်ထားတဲ့ပါတီ ၁၃ ပါတီ ရှိတယ်လို့ ရှင်းပြပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်း နိုင်ငံမတည်ငြိမ်သေးတဲ့အတွက် တပ်မတော်က အာဏာသိမ်းသက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုးဖို့ ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။

ဒီနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အားလုံးရဲ့ သဘောတူ ဆွေးနွေးဆုံးဖြတ်ချက်နဲ့ နိုင်ငံတော်ရဲ့ နိုင်ငံရေးအခြေအနေအရ နိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို ဩဂုတ် ၁ ရက်ကနေ နောက်ထပ်  ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာပါတယ်။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အလားအလာ မရှိတာကြောင့် နိုင်ငံရေးထွက်ပေါက် ပိတ်နေချိန်မှာ သူတို့အာဏာကို ဒီလိုနည်းနဲ့ပဲ ဆက်တိုးသွားဖို့ရှိတယ်လို့ ဝါရင့်ရခိုင်နိုင်ငံရေးသမားကြီး ဦးဖေသန်းက ဝေဖန်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရေးပေါ်ကာလကို တနှစ်သတ်မှတ်ပြီး တရားမဝင် အာဏာသိမ်းယူခဲ့တာပါ။ အဲဒီနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၄၂၅ ကို အသုံးပြုပြီး နောက်ထပ်ခြောက်လ နှစ်ကြိမ် သက်တမ်းထပ်တိုးခဲ့ပြန်ပါတယ်။

ထပ်တိုးထားတဲ့ အာဏာသက်တမ်း ကုန်ဆုံးတဲ့ ဒီနေ့ ဇူလိုင် ၃၁ ရက်နေ့မှာလည်း အရင်ပုံစံအတိုင်း နောက်ထပ် သက်တမ်းခြောက်လ ထပ်တိုးယူလိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အသက်ပြည့်လို့ ပင်စင်ယူရမယ့်အချိန် ရောက်နေပေမဲ့ တပ်မတော်ရဲ့ဥပဒေကို ချိုးဖောက်ပြီး ရာထူး ဆက်ယူထားသလို ၂၀၀၈ ဖွဲ့စည်းပုံကို ဖောက်ဖျက်ပြီး ဥပဒေနဲ့မညီ အာဏာသိမ်းထားတာ ဖြစ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း ပြောထားပါတယ်။

ဒီနေ့ ကာလုံအစည်းအဝေးကို စစ်တပ်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဘက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013