DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီထုတ်ဝေမည့် နှစ်သောင်းတန် ပြည်သူလူထု စိတ်မဝင်စား
DVB
·
July 31, 2023
စစ်ကောင်စီထုတ်ဝေမည့် နှစ်သောင်းတန် ပြည်သူလူထု စိတ်မဝင်စား
Donate to DVB

စစ်ကောင်စီက ဆင်ဖြူပုံပါ ကျပ်နှစ်သောင်းတန်ငွေစက္ကူသစ်တွေ ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ ထုတ်ဝေမယ်လို့ ကြေညာချက်ကြောင့် ပြည်သူတွေ စိတ်ပူပန်တာတွေရှိခဲ့ပေမဲ့ လဲလှယ်သုံးစွဲဖို့အထိ စိတ်ဝင်စားမှု သိပ်မရှိဘူးလို့ ပြည်သူတွေဆီက သိရပါတယ်။

ဇူလိုင် ၂၃ ရက်က ကြေညာချက်ကြောင့် ငွေကြေးဖောင်းပွတာတွေ၊ ကုန်ဈေးနှုန်း တက်တာတွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ရွှေဈေးကွက်တွေမှာလည်း မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ ငွေထုတ်ဝေမယ့် ၃၁ ရက်မှာတော့ ဘာမှ ထူးထူးခြားခြား မရှိတဲ့အကြောင်းကိုလည်း ပြည်တွင်းလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တယောက်က“ခုထိတော့ ဘာအသံမှ မကြားမိဘူး။ သူတို့ ယတြာအတွက် သက်သက်လုပ်တာလားမသိဘူး။ လူတွေက သိပ်လည်းစိတ်မဝင်စားသလို အရင်ရက်တွေက ဆူကုန်တော့ လတ်တလော ထိန်းပြီးထုတ်မယ်ထင်တယ်။ နောက် ငြိမ်မှ သူတို့လိုသလို ရိုက်ထုတ်မှာလားမသိပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အကန့်အသတ်နဲ့ ထုတ်ဝေမယ်လို့ ကြေညာထားပြီး လက်ရှိသုံးစွဲနေတဲ့ ပိုက်ဆံတွေထဲက ဟောင်းနွမ်းပြီး သုံးဖို့မသင့်တော်တဲ့ငွေနဲ့ တန်ဖိုးတူ လဲလှယ်ပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိငွေကြေးတွေကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ ကြေညာထားပေမဲ့လည်း ပြည်သူတွေက တန်ဖိုးကြီး ငွေစက္ကူတွေ ဖျက်သိမ်းမှာ စိုးရိမ်ပြီး တန်ဖိုးနည်းငွေစက္ကူနဲ့ လဲနေတာတွေ ရှိတယ်လို့ ပြည်သူတယောက်က ပြောပါတယ်။

ရန်ကုန်မြို့ခံတယောက်က “နှစ်သောင်းတန်ထွက်မှာဆိုပြီး ကြေညာတုန်းကလည်း ကုန်ဈေးနှုန်းတွေကတက်၊ ဒီနေ့ ထွက်မယ်ဆိုပြီး ကြေညာထား‌တော့ လူတွေက ငါးထောင်တန်နဲ့ တသောင်းတန် ဖျက်သိမ်းမှာစိုးရိမ်ပြီး အခု ရပ်ကွက်ထဲမှာ တထောင်တန်တွေနဲ့ လိုက်လဲနေကြတယ်” လို့ ပြောပါတယ်။

ဘဏ်ဝန်ထမ်းတယောက်ကတော့ “ဗဟိုဘဏ်မှာ ငွေလဲကောင်တာဖွင့်ပြီး လဲပေးမှာ၊ ဘဏ်တွေကို ထုတ်မပေးဘူးကြားတယ်။ လဲချင်ရင် ဗဟိုဘဏ်တခုမှာပဲ လဲလို့ရမှာ လောလောဆယ်တော့။ ပြီးတော့ ဗဟိုဘဏ်ကို ဝင်ရတာက မလွယ်ဘူး။ မှတ်ပုံတင်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ အစစ်ခံရတယ်၊ မှတ်ပုံတင်အပ်ထားခဲ့ရတာ။ ဒီနေ့စထုတ်တယ်၊ ဒီနေ့စလဲပေးတာ ဆိုပေမဲ့ တော်ရုံ ဘယ်သူမှ လာကြမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ အမှတ်တရထုတ်ဝေတဲ့ ကျပ် ငါးရာတန်နဲ့ တထောင်တန်ကိုတော့ ပြည်သူတွေ တန်းစီစောင့်ဆိုင်း လဲလှယ်တာမျိုးတွေ ရှိခဲ့ပေမဲ့ အခု စစ်ကောင်စီထုတ်ဝေမယ့် ကျပ် နှစ်သောင်းတန်ကို စိတ်ဝင်စားမှု မရှိတာ ဖြစ်ပါတယ်။

အလျား ၁၅ စင်တီမီတာ အနံ ၇ စင်တီမီတာရှိပြီး အစိမ်းနုရောင်နဲ့ ထုတ်ဝေမယ့် ကျပ် ၂ သောင်းတန်ကို ကနဦး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမှာရှိတဲ့ ဗဟိုဘဏ်တွေမှာ လဲလှယ်ပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။ ဇူလိုင် ၂၇ ရက်မှာတော့ ကျပ် နှစ်သောင်းတန်ကို တရားမဝင်ငွေစက္ကူအဖြစ်သာ သတ်မှတ်ကြောင်းကို NUG ရဲ့ ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013