DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ပြီး အာဏာသိမ်းသက်တမ်း ၆ လ ထပ်တိုး
DVB
·
July 31, 2023
စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ပြီး အာဏာသိမ်းသက်တမ်း ၆ လ ထပ်တိုး
Donate to DVB

စစ်ကောင်စီက အာဏာသိမ်း သက်တမ်းကုန်ဆုံးမယ့် ဇူလိုင် ၃၁ ရက်မှာပဲ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတရပ်ကို ခေါ်ယူပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုးကြောင်း စစ်ကောင်စီမီဒီယာက ဒီကနေ့ညနေ ကြေညာပါတယ်။

အဲဒီအစည်းအဝေးကို စစ်ကောင်စီခန့် ယာယီသမ္မတ ဉီးမြင့်ဆွေနဲ့ စစ်ခေါင်းဆောင်တွေ ဦးဆောင်ပြီး နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးမှာ လူမြင်ကွင်းကနေ ပျောက်ဆုံးနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့ပြီး ထောက်ခံခဲ့တာကို တွေ့ရပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ စစ်ကောင်စီအနေနဲ့ သူတို့စိတ်ကြိုက် ရွေးကောက်ပွဲလုပ်ပြီး သူတို့အလိုကျ အစိုးရတရပ် မပေါ်လာခင်အချိန်အထိ အခုလိုပဲ အာဏာကို ဆက်ပြီး ဆွဲဆန့်သွားလိမ့်မယ်လို့ သုံးသပ်ပြောပါတယ်။

ဒါကြောင့် စစ်ခေါင်းဆောင်တွေဟာ သူတို့နည်းလမ်းအတိုင်း သူတို့သွားမှာဖြစ်သလို တော်လှန်ရေးအင်အားစုတွေကလည်း ကိုယ်လုပ်စရာရှိတာကိုပဲ ကိုယ်အာရုံစိုက်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ဝါရင့်ရခိုင်နိုင်ငံရေးသမားကြီး ဦးဖေသန်းကလည်း စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အလားအလာ မရှိတာကြောင့် နိုင်ငံရေးထွက်ပေါက် ပိတ်နေချိန်မှာ သူတို့အာဏာကို ဒီလိုနည်းနဲ့ပဲ ဆက်တိုးသွားဖို့ရှိတယ်လို့ ဝေဖန်ပါတယ်။

ဒါကြောင့် နှစ်ဖက် အပြုတ်တိုက်ရေး လမ်းစဉ်ဟာ ပိုအားကောင်းလာပြီး တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်နဲ့ ပိုပြီးနီးကပ်လာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရေးပေါ်ကာလကို တနှစ်သတ်မှတ်ပြီး တရားမဝင် အာဏာသိမ်းယူခဲ့တာပါ။

အဲဒီနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၄၂၅ ကို အသုံးပြုပြီး နောက်ထပ်ခြောက်လ နှစ်ကြိမ် သက်တမ်းထပ်တိုးခဲ့ပြန်ပါတယ်။

ပုဒ်မ ၄၂၅ အရ သာမန်အခြေအနေမှာ ၆လ နှစ်ကြိမ် သက်တမ်းတိုးခွင့် ပေးထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က တိုင်းပြည်အခြေအနေဟာ သာမန်အခြေအနေ မဟုတ်သေးဘူးလို့ အကြောင်းပြပြီး အာဏာကို ဆက်တိုးခဲ့တာ ဖြစ်ပါတယ်။

ထပ်တိုးထားတဲ့ အာဏာသက်တမ်း ကုန်ဆုံးတဲ့ ဒီနေ့ ဇူလိုင် ၃၁ ရက်နေ့မှာလည်း အရင်ပုံစံအတိုင်း နောက်ထပ် သက်တမ်းခြောက်လ ထပ်တိုးယူလိုက်တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သာမန်အခြေအနေမဟုတ်ရင် သက်တမ်း ထပ်တိုးနိုင်တယ်လို့ ပြဋ္ဌာန်းထားတာမရှိဘဲ စစ်ကောင်စီက အာဏာသိမ်းသက်တမ်းကို တရားမဝင် ထပ်တိုးခဲ့တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အသက်ပြည့်လို့ ပင်စင်ယူရမယ့်အချိန် ရောက်နေပေမဲ့ တပ်မတော်ရဲ့ဥပဒေကို ချိုးဖောက်ပြီး ရာထူး ဆက်ယူထားသလို ၂၀၀၈ ဖွဲ့စည်းပုံကို ဖောက်ဖျက်ပြီး ဥပဒေနဲ့မညီ အာဏာသိမ်းထားတာ ဖြစ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013