
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ဇူလိုင် ၃၀ ရက်က စစ်သင်္ဘောတွေနဲ့ နျူးကလီးယား ရေငုပ်သင်္ဘောတွေရဲ့ စစ်ရေးပြပွဲအပေါ် သမ္မတ ဗလာဒီမာ ပူတင် အနေနဲ့ သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ်ထဲမှာပဲ ရုရှားရေတပ်အတွက် သင်္ဘောအသစ် အစင်းရေ ၃၀ အထိ လက်ခံရရှိမယ့် အကြောင်းကိုပါ ပူတင်က ကြေညာသွားခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ရေတပ်နေ့အဖြစ် နှစ်စဉ်ကျင်းပတဲ့ အခမ်းအနားအတွင်း သင်္ဘောပေါင်း ၄၅ စင်း အပါအဝင် ရေငုပ်သင်္ဘောတွေနဲ့အတူ တခြားရေယာဉ်တွေလည်း ပါဝင်ခဲ့ကြပါတယ်။
စိန့်ပီတာစဘတ်မြို့ရဲ့ ညီဗာမြစ်နဲ့ ဖင်လန်ပင်လယ်ကွေ့တို့မှာ ရုရှားရဲ့ စစ်ရေးအင်အားကို အစဉ်အလာအတိုင်း ထုတ်ဖော်ပြသခဲ့တာပါ။
ဒါ့အပြင် မြေပြင်ပေါ်က စစ်ရေးချီတက်ပွဲမှာလည်း ရေတပ်သားပေါင်း ၃,၀၀၀ ဝန်းကျင်အထိ ပါဝင်ခဲ့ကြတယ်လို့ ကရင်မလင်နန်းတော်က ပြောပါတယ်။
ပူတင်ဟာ ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်းဂူ၊ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နီကိုလေ ရေမည် နော့ဗ်တို့နဲ့အတူ ကူးတို့သင်္ဘောပေါ်ကနေ စစ်သင်္ဘောတချို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။
အဲ့ဒီနောက် ပူတင်က မိန့်ခွန်းပြောကြားရာမှာ ယူကရိန်းစစ်ပွဲအပေါ် ခိုင်မာတိကျတဲ့ မှတ်ချက်ပေးမှုမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း ရုရှားဘက်ကတော့ ယူကရိန်းအပေါ် ကျူးကျော်မှုကို “အထူးစစ်ဆင်ရေး” ဆိုပြီး သုံးနှုန်းနေဆဲပဲ ဖြစ်ပါတယ်။
Source - Reuters











