DVB Logo
Home
မြန်မာသတင်း
ရခိုင်တောင်ပိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံ၊ မြေပြိုဘေး အထူးသတိထားသင့်
DVB
·
July 30, 2023
ရခိုင်တောင်ပိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံ၊ မြေပြိုဘေး အထူးသတိထားသင့်
Donate to DVB

ရခိုင်ပြည်နယ်တောင်ပိုင်း မြို့နယ်တွေဖြစ်တဲ့ ဂွ၊ တောင်ကုတ်၊ သံတွဲမြို့တွေနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေထဲက မြို့နယ်တွေမှာ ဇူလိုင် ၃၁ ရက်ကနေ လာမယ့် ဩဂုတ် ၂ ရက်အထိ မိုးများမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ရေကြီးရေလျှံ၊ မြေပြိုဘေးတွေ အထူးသတိထား ပြင်ဆင်နေထိုင်သင့်တယ်လို့ NUG က အသိပေးထားပါတယ်။

ဇူလိုင် ၃၁ ရက်ကနေ လာမယ့် ဩဂုတ် ၆ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး လာမယ့် ရက် သတ္တပတ်မှာလည်း မိုးလယ်ကာလ လက္ခဏာရပ်တွေဖြစ်တဲ့ မုတ်သုံလေဖိအားနည်းမြှောင်တန်း (Monsoon Trough) နဲ့ မုတ်သုံလေဖိအားနည်းဆဲလ် (Monsoon Low Cell) တို့ အင်အားကောင်းလာတာ၊ ပြန်လည်အားလျော့တာ၊ အလှည့်ကျပြောင်းလဲနေပြီး မုတ်သုံလေအင်အားလည်း အတက်အကျ ပြောင်းလဲစေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

ဒါ့အပြင် လာမယ့် ရက်သတ္တပတ်မှာ ထူးခြားစွာနဲ့ မုတ်သုံလေဖိအားနည်းဆဲလ် ၁ ခု ထပ်မံဖြစ်ပေါ်စေပြီး ရေငွေ့များရယူကာ မြန်မာနိုင်ငံပေါ်ကို မုတ်သုံလေနဲ့အတူ ပေးပို့နေဆဲ ဖြစ်တာကြောင့် ကမ်းရိုးတန်းနဲ့ ကုန်းတွင်းဒေသတချို့မှာ မိုးဆက်လက် ပိုနေစေမယ်လို့လည်း ခန့်မှန်းထားတာပါ။

ဇူလိုင် ၃၁ ရက် ဒီကနေ့အတွက် ခန့်မှန်းချက်မှာတော့ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တောင်လေတွေ တိုက်ခတ်နိုင်ပြီး တောင်ပိုင်းမှာတော့ အနောက်-အနောက် တောင်လေတွေ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

မိုးအခြေအနေကတော့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကျဲကျဲနဲ့ ကျန်ဒေသတွေမှာ နေရာကွက်ကျား မိုးရွာသွန်းနိုင်တယ်လို့ သိရပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျချိန် မြေပြင်/လေပြင် လေဟာ အနောက်-အနောက်တောင်ဘက်က တနာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013