DVB Logo
Home
မြန်မာသတင်း
ဆန်​စျေးအဆမတန်မြင့်လာ၍ ဆန်ကွဲစားသူများလာ
DVB
·
July 30, 2023
ဆန်​စျေးအဆမတန်မြင့်လာ၍ ဆန်ကွဲစားသူများလာ
Donate to DVB

လက်ရှိပြည်တွင်းစျေးကွက်မှာ ဆန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် ဆန်ကွဲစားသုံးတာပိုများလာတယ်လို့ ဆန်နဲ့ဆန်ကွဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

မနှစ်က ဆန်ကွဲစားသုံးသူဦးရေနည်းနည်းပဲ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ပိုများလာပြီး စျေးကွက်ထဲမှာလည်း ဆန်ကွဲပြတ်လပ်တာတွေရှိလာတယ်လို့ ဆိုပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဆန်ရောင်းဝယ်သူတယောက်က "နယ်ဘက်တွေက အရင်က ဆန်ကွဲအဝယ်ရှိပေမယ့် နည်းတယ်။ ဒီနှစ်မှာကတော့ ဆန်ကွဲကအရမ်းအဝယ်လိုက်တာပေါ့။ အဓိကကတော့ ဆန်ကောင်းတွေက စျေးနှုန်းမြင့်ပြီး မဝယ်စားနိုင်လို့ပါ။ အခုစားသုံးသူတွေကလည်း ပေါ်ဆန်းဆန်ကွဲနဲ့ဆန်အဝါပဲစားကြတာများတယ်။ ခုလက်ရှိမှာ ဆန်ကွဲက ဝယ်လက်ကရှိတာတောင် ကျနော်တို့မှာ ပေးစရာပစ္စည်းမရှိတဲ့ အထိဖြစ်နေပါတယ်" လို့ ပြောပါတယ်။

ပေါ်ဆန်းဆန်ကွဲစျေးနှုန်းဟာ တတင်း(၂၄ပြည်)တအိတ်ကို ကျပ် ၆၁၀၀၀ အထိရှိနေပြီး မနှစ်ကထက် ကျပ် ၁၀၀၀၀ ကျော်စျေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ဆန်ကွဲဟာ အရင်ကပြည်တွင်းစားသုံးမှုနည်းပြီး ပိုလျှံနေလို့ ပြည်ပကိုတင်ပို့နိုင်ပေမယ့် လက်ရှိမှာ ဆန်ကွဲဝယ်လိုအား​မြင့်တက်ပြီး ဆန်ကွဲပြတ်တောက်သွားတာလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

ဆန်ကုန်သည်တယောက်က "ဆန်ကွဲကအများကြီး မထွက်ဘူးလေ။​ ပေါ်ဆန်းစပါး ကြိတ်ရင် ဆန်ကွဲအိတ်က နည်းနည်းပဲထွက်တာ။ ထွက်တဲ့ ဆန်ကွဲအိတ်တွေကို စက်တွေမှာ လိုက်စုရသေးတယ်။ ပြီးမှ စျေးကွက်ထဲပို့တာ။ အခု ဆန်ကွဲဝယ်လိုအားက အထွက်နှုန်းထက်ကို များနေတယ်။ လွန်ခဲ့တဲ့ ၂ ပတ်ကဆို လုံးဝပြတ်တောက်တဲ့အထိ ဖြစ်တာ။ ပြည်သူ​တွေကကြပ်​တည်းနေတော့ စျေးတော်တဲ့ ဆန်ကွဲကိုပဲ အဓိက စားသလို ဖြစ်နေတာ" လို့ပြောပါတယ်။

လက်ရှိပေါ်ဆန်း ဆန်ကွဲစျေးနှုန်းသာ ဆက်မြင့်တက်ရင် မုန့်လုပ်တာနဲ့ မွေးမြူရေး လုပ်ငန်းမှာ​ တိရစ္ဆာန်ကျွေးတဲ့ ဆန်ကွဲကြမ်းကိုပဲ စားသုံးရတော့မှာဖြစ်တယ်လို့ ပေါ်ဆန်းဆန်ကွဲ စားသုံးနေသူတယောက်က ပြောပါတယ်။

ဆန်နဲ့တခြားကုန်ပစ္စည်းစျေး​တွေ မြင့်တက်တာကြောင့် ဝင်ငွေနည်းတဲ့ အခြေခံ လူတန်းစားတွေအပြင် လူလတ်တန်းစားတွေပါ အခက်တွေ့နေကြရတာပါ။

မြန်မာပြည်တွင်းဆန်နဲ့ဆန်ကွဲစျေးနှုန်းတွေဟာ ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ လျှပ်စစ်မီး မကြာခဏပြတ်တောက်တာ၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ စပါးအထွက်နှုန်း အပေါ်မှာ စိုးရိမ်ပြီး ဝယ်ယူသိုလှောင်တာတွေကြောင့် စျေးကွက်အတွင်း စံချိန်တင်မြင့်တက်နေတာ ဖြစ်တယ်လို့ ဆန်စပါးရောင်းဝယ်သူတွေက သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013