
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်မှာ မိုးအဆက်မပြတ်ရွာပြီး မြေပြိုတာကြောင့် ဇူလိုင် ၂၉ ရက်နေ့ မနက် ၉ နာရီကျော်က ရသေ့တောင်အကျော် စခန်းလေးနားမှာ မြေပြိုကျပြီး တောက်တက်လမ်းပိတ်ဆို့ခဲ့ပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်က ကျီးကန်းပါးစပ်ကို သွားတဲ့လမ်းပေါ် မြေပြိုကျပြီး နိဗ္ဗာန်ကုန်ဆိုင်နဲ့ အထည်ဆိုင်ပေါ်မြေပိပြီး ပျက်စီးခဲ့ပါတယ်။
ဇူလိုင် ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း ကျိုက်ထီးရိုးတောင် သီဟဆောင် နောက်ကျောကနေ ရိုးရိုးလေးဟိုတယ်ဘက် ဆင်းတဲ့လမ်းမှာရှိတဲ့ ကိုးနဝင်းစေတီ တဆူပြိုကျခဲ့ပြီး ကျန်စေတီတဆူက ငှက်ပျောဖူး ပြုတ်ကျခဲ့ပါတယ်။
“ကျိုက်ထီးရိုးတောင်က သဲဆန်တဲ့မြေဆိုတော့ မိုးရွာရင် မြေကပြိုနေကျပါပဲ။ တောင်တက်ကားလမ်းကိုလည်း ရှင်းပြီးသွားပါပြီ။ စျေးဆိုင် ၂ ဆိုင်တော့ ပျက်စီးသွားတာပေါ့။ လူထိခိုက်မှုတော့မရှိပါဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
တောင်တက်လမ်းပြိုကျတာကို ၂ နာရီကြာလောက် ရှင်းလင်းခဲ့ရပြီး မြေပြိုနိုင်ခြေရှိတဲ့ နေရာက လူတွေကိုလည်း ရွှေ့ပြောင်းပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










