DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်သမ္မတနှင့်သီရိလင်္ကာသမ္မတ တွေ့ဆုံ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး သီရိလင်္ကာရောက်ရှိ
DVB
·
July 30, 2023
ပြင်သစ်သမ္မတနှင့်သီရိလင်္ကာသမ္မတ တွေ့ဆုံ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး သီရိလင်္ကာရောက်ရှိ
Donate to DVB

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းဟာ သူ့ရဲ့ တောင်အာရှခရီးစဉ်အတွင်း သီရိလင်္ကာနိုင်ငံမှာ တညအိပ်ရပ်နားပြီး သမ္မတ ရာနီးလ် ဝစ်ခရာမန်ဆင်းဂ်နဲ့ ဇူလိုင် ၂၉ ရက်က တွေ့ဆုံခဲ့ပါတယ်။

မက်ခွန်းဟာ သီရိလင်္ကာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး ပြင်သစ်သမ္မတပါ။

သီရိလင်္ကာသမ္မတနဲ့ အစည်းအဝေးအတွင်း ၂ နိုင်ငံ ပါဝင်ဆောင်ရွက်မယ့် အကြွေးနာလံထူရေး ဗျူဟာတွေအပြင် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သီရိလင်္ကာသမ္မတရဲ့ မီဒီယာဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

မက်ခွန်းဟာ ပါပူအာနယူးဂီနီ၊ နယူးကာလေဒိုးနီးယားနဲ့ ဗနွာတူ နိုင်ငံတို့ဆီ သွားရောက်လည်ပတ် အပြီး သီရိလင်္ကာနိုင်ငံဆီ လာခဲ့တာလည်းဖြစ်ပါတယ်။  

အလားတူ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာ့ဆာ့ ဟာ့ယာ့ရှိလည်း သီရိလင်္ကာနိုင်ငံအတွင်း ကဏ္ဍအသီးသီးမှာ ဂျပန်က ရင်းနှီးမြှုပ်နှံတာတွေပြန်စရေး ဖိတ်ကြားချက်အရ ဇူလိုင် ၂၉ ရက်မှာ မြို့တော် ကိုလံဘိုဆီ ရောက်လာပါတယ်။

ဒါဟာ လေးနှစ်နီးပါး အကြပ်အတည်းဆိုက်နေတဲ့ သီရိလင်္ကာမှာ စွမ်းအင်၊ လမ်းတွေနဲ့ ဆိပ်ကမ်း တွေ အခြေခံအဆောက်အဦတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်နဲ့ ဒစ်ဂျစ်တယ် စီးပွားရေးစတဲ့ စီမံကိန်းတွေမှာ ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှုကို ရဖို့ကြိုးစားတာလို့ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး အလီ ဆာဘရေက ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံပေါင်းစုံ သံတမန်ဆက်ဆံရေးခရီးစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် သီရိလင်္ကာနိုင်ငံဆီ လာရောက်လည်ပတ်တာပါ။

ဆာဘရေရဲ့ ရင်းနှီးမြှုပ်နှံရေး ဖိတ်ကြားချက်နဲ့ ပတ်သက်လို့ လူသိရှင်ကြား မတုန့်ပြန်သေးပါဘူး။

ဒါပေမယ့် ဂျပန်ဟာ အိန္ဒိယသမုဒ္ဒရာပတ်ဝန်းကျင်နိုင်ငံများအသင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။

ဒီအသင်းမှာ သီရိလင်္ကာနိုင်ငံက အောက်တိုဘာလကစပြီး အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာပါ။

သီရိလင်္ကာဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန် ရထားလမ်းစီမံကိန်းကို ၂၀၂၀ မှာ တဖက်သတ် ဆိုင်းငံ့ခဲ့ပြီးကတည်းက ဂျပန်နဲ့ သီရိလင်္ကာရဲ့ သမိုင်းဝင် ဆက်ဆံရေး အေးစက်သွားခဲ့တာပါ။

ဒါပေမယ့် နှစ် ၇၀ အတွင်း အဆိုးဆုံး ဘဏ္ဍာရေးအကြပ်အတည်းကိုကူညီဖို့ သမ္မတ ရာနီးလ် ဝစ်ခရာမန်ဆင်းဂ်က ဂျပန်အစိုးရကို မေတ္တာရပ်ခံခဲ့အပြီး လတ်တလော လတွေအတွင်း ဆက်ဆံရေး ပြန်တိုးတက်လာခဲ့ပါတယ်။

 Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013