
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းဒရန့်ရွာမှာ စစ်ကောင်စီသတ်ဖြတ်ထားခဲ့တဲ့ ရွာသား ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဇူလိုင် ၂၉ ရက် မနက်ပိုင်းက ရွာသားတွေက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ကနေ စပြီး ဒီဒေသထဲကို ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ခွဲ၊ ငါးအိုးမြို့အခြေစိုက် ၁၂၁ တပ်က စစ်သားတွေ စစ်ကြောင်းထိုးလာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “သူတို့က ဇူလိုင် ၂၆၊ ၂၇၊ ၂၈ ရက်က ဧရာဝတီမြစ်အတိုင်း သင်္ဘောနဲ့ စစ်ကြောင်းစထိုးပြီး တွေ့တဲ့ရွာသားတွေဖမ်းခေါ်ပြီး အခုလိုသတ်ထားခဲ့တာဗျ။ သူတို့စစ်ကြောင်းဒီနေ့ ပြန်ထွက်သွားလို့ ရွာထဲ ရှင်းလင်းရေးဝင်တဲ့အခါ အခုလို သတ်ထားခဲ့တဲ့ အလောင်းတွေ တွေ့ခဲ့ရတာ” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၅ နှစ်အရွယ် အင်းဒရန့်ရွာသား ကုလား၊ အသက် ၂၀ အရွယ် ကချင်အို၊ ၂၃ နှစ်အရွယ် ကိုငယ်၊ ၃၅ နှစ်အရွယ် အောင်မျိုးကျော်နဲ့ ၄၅ နှစ်အရွယ် ရေလယ်ကျွန်းရွာသား ရှပ်ပြေးတို့ဖြစ်ပြီး ရွာသားတွေက ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးလိုက်တယ်လို့လည်း ပြောပါတယ်။
ရွာသား ၅ ယောက်ကို သတ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိအချိန်မှာ ကျောက်ထုံးကြီးကျေးရွာဘက်ကို ရောက်ရှိနေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။











