
ယူကရိန်းအရှေ့ပိုင်း ဘာ့ခ်မုထ် အနီးရှိ ရုရှားရဲ့ ကတုတ်ကျင်းတူးမြောင်းတွေကို ယူကရိန်းစစ်သား တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဇူလိုင် ၂၉ ရက်မှာ ယူကရိန်းစစ်တပ်က ထုတ်ပြလိုက်ပါတယ်။
ဗီဒီယို ရိုက်ကူးတဲ့ ရက်စွဲနဲ့ တည်နေရာတို့ကိုတော့ ရိုက်တာက သီးခြာအတည်မပြုနိုင်သေးပါဘူး။
ယူကရိန်းတပ်တွေဟာ ရှေ့တန်းနယ်မြေအတော်များများမှာ တန်ပြန်ထိုးစစ်ကို နှိမ်နင်း နေကြတာဖြစ်ပြီး လနဲ့ချီတဲ့ တိုက်ပွဲတွေအပြီး မေလမှာ ရုရှားတပ်တွေသိမ်းယူထားတဲ့ အရှေ့ဘက်ခြမ်း ဘာ့ခ်မုထ် မြို့တဝိုက်ရှိ ကျေးရွာတွေကို လုံခြုံစေအောင် အာရုံစိုက်ထားကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။
ယူကရိန်းသမ္မတဟာ စနေနေ့က အရှေ့ဘက် ဘာ့ခ်မုထ် ရှေ့တန်းစစ်မျက်နှာမှာ ယူကရိန်းတပ်ဖွဲ့ ဝင်တွေကို သွားရောက်တွေဆုံခဲ့ပြီးတော့ ယူကရိန်းရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေကို ချီးကျူး အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။
တွစ်တာမှာ သမ္မတ ဇလန်းစကီး လွှင့်တင်ထားတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုထဲမှာ သူနဲ့ သူ့စစ်သားတွေ တွေ့ဆုံပြီး အလင်းရောင်မှိန်ပျပျနဲ့ ပြတင်းပေါက်မရှိတဲ့ ကွန်ကရစ်နံရံကာထားတဲ့ အခန်းတွင်းမှာ မြေပုံတွေကို ကြည့်ရှုနေတာကို ပြသခဲ့ပါတယ်။
အဲဒီ တွစ်တာပို့စ်မှာလည်း "ယူကရိန်းနိုင်ငံအတွက် မင်းတို့ရဲ့စွမ်းဆောင်နိုင်မှုဟာ တကယ့်ကို သူရဲကောင်းဆန်တယ်" လို့ ဇလန်းစကီးက ရေးသားထားပါတယ်။
Source-Reuters










