
မကွေးတိုင်း၊ ချောက်မြို့ ကြံ့ခိုင်ရေးရုံးနားမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး အပြင်းအထန်ဒဏ်ရာရသွားတဲ့ ချောက်မြို့မစခန်းမှူးဟာ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ဆေးဝါးကုသမှုခံနေတုန်း ဇူလိုင် ၂၈ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့-CGF ကနေ သိရပါတယ်။
ချောက်မြို့၊ အမှတ် ၁ ရေနံမြေ ကလပ်ထောင့်နဲ့ ကြံ့ခိုင်ရေးရုံးနားမှာ ဇူလိုင် ၂၅ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ချောက်မြို့မရဲစခန်းမှူးနဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းအတုနဲ့ထောင်ချောက်ဆင်ပြီး အစစ်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ CGF ရဲ့ ဒုခေါင်းဆောင် ဗိုလ်ပေတက ဒီဗွီဘီကို ပြောပါတယ်။
“ချောက်မြို့ထဲကို ဇူလိုင် ၂၅ ရက်နေ့ မနက်အစောကြီး ရှောင်တခင်ဝင်ရောက်ပြီး မိုင်း ၂ လုံး ဆင်ထားတယ်ဗျ။ ဒီကောင်တွေအလာကိုစောင့်တဲ့အခါမှာ ကျနော်တို့က ကြံ့ခိုင်ရေးရုံးရှေ့တည့်တည်မှာ မိုင်းအတုတလုံး သူတို့မြင်သာအောင် ထားတယ်ဗျ။ မြို့မရဲစခန်းမှူးနဲ့ စစ်ကောင်စီတပ်သားတွေ ရောက်လာကြပြီး မိုင်းအတုကို စနိုက်ပါနဲ့ ၃ ချက်ပစ်ပြီး ကျနော်တို့ ထောင်ထားတဲ့ဘက်ကို လျှောက်လာတဲ့အချိန်မှာ အရပ်သား ပြည်သူကားတစီးဖြတ်သွားလို့ စောင့်ပြီး ဖောက်ခွဲလိုက်တော့ ပစ်မှတ်က နည်းနည်းလွဲသွားပြီး စခန်းမှူး ဒုရဲမှူးဝင်းဆန်းနဲ့ ဝါဇီတပ်က စစ်ကောင်စီ တပ်သားတယောက် လဲကျသွားတယ်” လို့ ဆိုပါတယ်။
ဒုတိယမိုင်းတလုံးနေရာကို စစ်သားနဲ့ရဲတွေရောက်လာချိန် ထပ်ဖောက်ခွဲခဲ့ပေမယ့် မကွဲခဲ့ဘူးလို့ သူက ဆိုပါတယ်။
“ဒီကောင်တွေ မွန်းလွဲ ၃ နာရီခွဲလောက်မှ ကျနော်တို့ထောင်ထားတဲ့ မိုင်းကိုတွေ့သွားပြီး မိုင်းကိုလည်း မထိရဲမိကိုင်ရဲ ဖြစ်နေကြပြီး ညနေ ၅ နာရီခွဲလောက်မှ ဖောက်ခွဲဖျက်ဆီးသွားကြတယ်” လို့ ပြောပါတယ်။
အဲဒီ ဒဏ်ရာအပြင်းထန်ရရှိသွားတဲ့ စခန်းမှူး ဒုရဲမှူးဝင်းဆန်းဟာ ဇူလိုင် ၂၈ ရက်နေ့က မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတုန်း သေဆုံးသွားခဲ့တယ်လို့ တပ်တွင်းသတင်းပေးတွေဆီကနေ သတင်းအတိကျရရှိတယ်လို့လည်း ဗိုလ်ပေတက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို CGF၊ ချောက်မြို့နယ်ပကဖ၊ Burma Revolution Rangers တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညီနောင်မဟာမိတ် ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။











