DVB Logo
Home
မြန်မာသတင်း
မြန်မာကျောင်းသား ၁၀၀ ကျော် နေရပ်ပြန်ပို့သည့်ကိစ္စ ထိုင်းအစိုးရကို CRPC တရားစွဲ
DVB
·
July 29, 2023
မြန်မာကျောင်းသား ၁၀၀ ကျော် နေရပ်ပြန်ပို့သည့်ကိစ္စ ထိုင်းအစိုးရကို CRPC တရားစွဲ
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ အန်ထော်ခရိုင်ထဲက ထိုင်းရတ်ဝစ်ထယ (Thairath Wittaya) အမှတ် ၆ စာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ကျောင်းသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရကို  CRPC က တရားစွဲလိုက်ပါတယ်။

မြန်မာရွှေ့ပြောင်း ကျောင်းသား ၁၂၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဇွန်လ ပထမပတ်အတွင်း ဖမ်းဆီးပြီး နေရပ်ပြန်ပို့ဖို့ ကြိုးစားခဲ့ကြတာပါ။

ဒါ့အပြင် အဲဒီစာသင်ကျောင်းမှာ ကလေးတွေကို ပညာသင်ကြားဖို့ လက်ခံပေးတဲ့ ကျောင်းအုပ်ဆရာမကြီး အပါအဝင် စာသင်ပေးတဲ့ ဆရာ၊ ဆရာမ ၄ ဦးနဲ့ ကျေးရွာသူကြီး ၁ ဦး၊ စုစုပေါင်း ၆ ဦးတို့ကိုလည်း ထိုင်းအစိုးရက အမှုဖွင့် တရားစွဲဆိုထားပါတယ်။

ကလေးငယ် ၁၂၆ ယောက်မှာ ၁၂၂ ယောက် နေရပ် ပြန်ပို့ပြီးဖြစ်ကာ ကျန် အထောက်အထားမဲ့ ကလေး ၄ ယောက်ကိုတော့ ထိုင်းနိုင်ငံတွင်း ပညာဆက်သင်ကြားနိုင်ဖို့ ထိုင်းကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (Children Rights Protection Committee Thailand) က ကြိုးပမ်းပေးနေပြီး ထိုင်းအစိုးရကိုလည်း CRPC အဖွဲ့က ပြန်တရားစွဲဆိုထားပါတယ်။

“ဒီကိစ္စက နိုင်ငံရေးတွေ ပါနေတယ်။ ကလေးကို ကလေးလို မစဉ်းစားဘဲ အကျယ်အပြန့် အကြီး အကျယ် စဉ်းစားနေကြတယ်။ ကလေးကို ကလေးလို စဉ်းစားရင် တရားဝင်တာတွေ မဝင်တာတွေ အကြီးအကျယ် အငြင်းပွားနေစရာ မလိုဘူး။ ဘယ်က ကလေးဖြစ်ဖြစ် ကလေးအခွင့်အရေးအရ ပညာသင်ကြားခွင့်ရှိတယ်။ အသက်ရှင် နေထိုင်ခွင့်နဲ့ ပညာသင်ကြားပိုင်ခွင့် အသက်မွေးဝမ်းကျောင်း ဆက်စပ် ဆောင်ရွက်ပိုင်ခွင့် အဲ့အခွင့်အရေးတွေ ပေးလိုက်ရင် ပြီးနေပြီ။ ဒီအရာကိုပဲ နိုင်ငံရေး မူဝါဒ တခုအနေနဲ့ အကြီးအကျယ် အကျယ်အပြန့်ကြီး လုပ်နေတဲ့အခါကျ လိုတာထပ်ပြီး ပြဿနာက ပွားသွားတယ်”လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

အခုလို အထောက်အထားမဲ့ ကလေးငယ်တွေ ပညာသင်ကြားမှုကို နေရပ်ပြန်ပို့ခံရတဲ့ ကိစ္စမှာ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီလည်း ပါဝင် ပတ်သက်နေပြီး ကလေးတွေကို လက်ခံခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီးကို တရားစွဲဆိုတဲ့ထဲမှာ ထိုင်းရှေ့နေများကောင်စီရဲ့ ဥက္ကဋ္ဌကိုယ်တိုင် ဦးစီးပြီး တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ ထိုင်းအစိုးရ ပညာရေးဝန်ကြီးဌာနက ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမ ၅ ယောက်ကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားစွဲခံထားရသူတွေက အမှုရင်ဆိုင်နိုင်ဖို့ ထိုင်းနိုင်ငံလုံးဆိုင်ရာ ရှေ့နေများအသင်းကို အကူအညီ တောင်းခံထားတယ်လို့လည်း သိရပါတယ်။

အခုလို အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို နေရပ်ပြန်ပို့တာက လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်ကို ချိုးဖောက်ပြီး ထိုင်းနိုင်ငံက ရွှေ့ပြောင်း ကလေးငယ်တွေ နောက်ဆက်တွဲ ပညာရေးတွေ ထိခိုက်လာမှာကို စိုးရိမ်ရတယ်လို့ ထိုင်းအခြေစိုက် Labour Rights Foundation မှ တာဝန်ရှိသူ ဦးအောင်ကျော်က မှတ်ချက်ပြုပါတယ်။

“တကယ်တမ်းကျတော့ အသက် ၁၈ နှစ်ပြည့်ပြီး လုပ်ငန်းခွင်မှာ အထောက်အထားမဲ့ လုပ်ကိုင်နေလို့ နေရပ် ပြန်ပို့တယ်ဆိုတာ ကျနော်တို့ အနေနဲ့ လက်သင့်ခံနိုင်စွမ်းရှိတယ်။ သို့သော် အခုလို အရွယ်မရောက်သေးတဲ့ ကလေးတွေ ပညာရှာရမယ့်အရွယ်မှာ ရသင့်ရထိုက်တဲ့ ပညာရေးကို ရှာနေတဲ့အချိန် အခုလို ပြန်ပို့တယ်ဆိုတာ ကျနော်တို့ အနေနဲ့တော့ ဥပဒေအရပဲ သူတို့ လုပ်တယ်ပြောပြော နိုင်ငံတကာ ကျင့်ထုံးဥပဒေ စည်းမျဉ်းအရ လူမှုရေးအရ ကြည့်မယ်ဆိုရင် လုံးဝ မသင့်မြတ်ဘူးလို့ မှတ်ချက် ပြုချင်တယ်။”

ထိုင်းရစ်ဝစ်ထယ အမှတ် ၆ စာသင်ကျောင်းက ဆရာ ဆရာမတွေကိုတော့ ကျောင်းကနေ ရွှေ့ပြောင်းထားပြီး ဇူလိုင် ၂၅ က သူတို့အမှုကို ဆက်လက် စစ်ဆေးခဲ့ပါတယ်။ အဲဒီအမှုမှာ ပြစ်မှုထင်ရှားရင် တရားမဝင် နေထိုင်သူတွေကို နိုင်ငံထဲ ခေါ်သွင်းမှု အမှု တမှုနဲ့တင် ထောင်ဒဏ် ၁၀ နှစ်၊ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁ သိန်း ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်မျိုးလုံး ကျခံရနိုင်တယ်လို့ သိရပါတယ်။

အဲဒီ အထောက်အထားမဲ့ ကလေးတွေဟာ ရှမ်းပြည်နယ်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်လာတာဖြစ်ပြီး အများစုက အာခါ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ကလေးတွေထဲက အချို့ကတော့ ချင်းရိုင်းခရိုင် မိဘမဲ့ ကလေးဂေဟာကလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013