
နိုင်ဂျာနိုင်ငံသမ္မတရဲ့ ကိုယ်ရံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဘ်ဒိုရာ ဟာမာနီ ချီယာနီဟာ ဇူလိုင် ၂၈ ရက်က အာဏာသိမ်းမှုမှာပါခဲ့တဲ့ အသွင်ကူးပြောင်းရေးကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ပေါ်လာခဲ့ပါတယ်။
အမိမြေ ကာကွယ်စောင့်ရှောက်ရေး အမျိုးသားကောင်စီ CNSP ဟာ နိုင်ငံရဲ့ လုံခြုံရေးအခြေအနေ ယိုယွင်းပျက်စီးနေချိန်မှာ ဖြုတ်ချခံ အာဏာပိုင်တွေက မျက်မှောက်အကျပ်အတည်းအတွက် မှန်မှန် ကန်ကန် ဖြေရှင်းနိုင်ခြင်း မရှိတဲ့အပြင် စီးပွားရေးနဲ့ လူမှုရေး အုပ်ချုပ်မှုပိုင်းတွေမှာ ညံ့ဖျင်းနေတာ ကြောင့် ချစ်လှစွာသော မွေးရပ်မြေကို ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဆန္ဒရဲ့ လှုံ့ဆော်ချက်ကြောင့် စစ်တပ်ဟာ အာဏာကိုသိမ်းပိုက်ဖို့ ရွေးချယ်ခဲ့ရတာဖြစ်ကြောင်း အာဏာသိမ်းခံ သမ္မတ မိုဟာမဒ် ဘာဇုံမ်ရဲ့ သမ္မတကိုယ်ရံတော်တပ်ကို ဦးဆောင်ခဲ့တဲ့ ချီယာနီက ပြောပါတယ်။
နိုင်ငံနဲ့ ဆာဟဲဒေသအတွက် အကောင်းဆုံး အကျိုးစီးပွားအတွက် အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက် ပေးဖို့လည်း ချီယာနီက တောင်းဆိုခဲ့ပါသေးတယ်။
အမိမြေ ကာကွယ်စောင့်ရှောက်ရေး အမျိုးသားကောင်စီ CNSP ဟာ နိုင်ဂျာသမ္မတနိုင်ငံက စာရင်းသွင်းထားတဲ့ နိုင်ငံတကာ ကတိကဝတ်တွေအပြင် လူ့အခွင့်အရေးကိုလည်း လေးစား လိုက်နာဖို့ သန္နိဋ္ဌာန်တွေကို ထပ်လောင်းအတည်ပြုပါကြောင်းလည်း ဖတ်ကြားသွားပါတယ်။
နိုင်ဂျာနိုင်ငံရဲ့ နည်းပညာနဲ့ ငွေကြေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကိုလည်း နိုင်ငံရဲ့ အခြေအနေတွေကို နားလည်သဘောပေါက်ဖို့ တောင်းဆိုထားပြီး စိန်ခေါ်မှုတွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေပေးဖို့လည်း ချီယာနီက ဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကတော့ သမ္မတကိုဖြုတ်ချပြီး အာဏာသိမ်းမှုအပေါ် တညီတညွတ်တည်း ရှုံ့ချခဲ့ကြပါတယ်။
သမ္မတ ဘာဇုံမ်ဟာ အချုပ်အနှောင်ခံထားရဆဲဖြစ်ပြီး တရားဝင် အာဏာစွန့်လွှတ်ခြင်း မရှိသေးပါဘူး။
Source-Reuters











