Home
မြန်မာသတင်း
CDM မီးရထားဝန်ထမ်းနှင့်ဇနီးတို့ သေဒဏ်နှင့် ထောင်၇ နှစ် ချမှတ်ခံရ
DVB
·
July 29, 2023
363811944_220349344328363_4026199405314846278_n

CDM မီးရထားဝန်ထမ်းနဲ့ သူ့ဇနီးကို အကြမ်းဖက်စစ်အုပ်စုက သေဒဏ်အပြင် ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု - MLA က ဇူလိုင် ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပြီး ဒီအပေါ်မှာ လုံးဝ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အရေးယူတာတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူတဲ့အပေါ် အများပြည်သူလူထုနဲ့အတူ မီးရထားဝန်ထမ်းတွေကလည်း CDM ပြုလုပ်ပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အလုပ်သမားအခွင့်ရေး ပြန်လည်ရရှိရေး စတာတွေအတွက် ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

CDM မီးရထားဝန်ထမ်း ဦးကောင်းထက်(ခ) ဖိုးစီနဲ့ ဇနီးဖြစ်သူ ဒေါ်ချမ်းမြေ့သူ(ခ) ဂျူးဂျူးတို့ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ အမျိုးမျိုးနှိပ်စက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးတော့ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့မှာ ဇနီးမောင်နှံနှစ်ဦးစလုံးကို  ပုဒ်မ ၅၀(စျ)၅၄ အရ  သေဒဏ်ကျခံစေပြီး ပုဒ်မ ၅၁(ဂ)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သလို ပြစ်ဒဏ်တွေကို တပြိုင်တည်း ကျခံစေရမယ်လို့လည်း စီရင်ချက်ချထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစလို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်အထိ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်ပြီး အကျဉ်းထောင်တွေမှာ သေဒဏ်ချ ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၁၅ ယောက်၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ် ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024