
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ နေ့စဉ်မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဇူလိုင် ၂၈ ရက်က တောင်ကြီး-ရွှေညောင်-ညိုမီး ကျေးရွာနဲ့ အေးသာယာမြို့ကို ဆက်သွယ်ထားတဲ့ မြို့ရှောင်လမ်းက လမ်းပိုင်းတချို့ ပြိုကျပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့ရှောင်လမ်းကို တောင်ပေါ်မှာဖောက်လုပ်ထားတဲ့ဖြစ်ပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် လမ်းပိုင်းမှာရှိတဲ့ နေရာတချို့မှာ မြေပြိုတာ၊ ကတ္တရာလမ်းတွေ ကွဲအက်တာတွေကြောင့် ခရီးသွားယာဉ်တွေနဲ့ တောင်ခြေမှာနေထိုင်သူတွေအတွက် စိုးရိမ်ရတယ်လို့ ပြောပါတယ်။
မြို့ခံပြည်သူတဦးက “မိုးရွာတော့ တောင်ပေါ်ကကျတဲ့ရေက ရေစီးသန်သန်နဲ့ကျလာတော့ လမ်းတွေ ကွဲထွက်ကုန်ပြီး ရေစီးနဲ့အကုန်ပါသွားတယ်။ မော်တော်ယာဉ်တွေအနေနဲ့ ဖြတ်သန်းသွားလာတဲ့နေရာမှာ လမ်းပျက်တော့ သွားရခက်တယ်။ သဲမြေတွေက ပြန့်ကျဲကုန်တော့ မောင်းရတာအဆင်မပြေဘူး။ လမ်းချော်တယ်” လို့ ပြောပါတယ်။
မြို့ရှောင်လမ်းကကျလာတဲ့ မိုးရေတွေဟာ တောင်ခြေမှာရှိတဲ့ ကန်ကြီးရပ်ကွက်ထဲကို ဖြတ်သန်းစီးဆင်းရာမှာ ရေစီးသန်တဲ့အတွက် ရပ်ကွက်လူနေအိမ်တွေအတွင်းနဲ့ လမ်းတွေပေါ်ဝင်ရောက်ခဲ့တာကြောင့် ရပ်ကွက်လမ်းတချို့ ပျက်စီးခဲ့ရာ ရပ်ကွက်နေပြည်သူတွေက သဲအိတ်တွေဖို့ပြီး ဖြတ်သန်းသွားလာနေရပါတယ်။
မော်တော်ယာဉ်တွေနဲ့ ခရီးသွားပြည်သူတွေ အများဆုံးအသုံးပြုနေတဲ့ မြို့ရှောင်လမ်းဟာ မိုးရွာသွန်းချိန် ယာဉ်တွေ ဖြတ်သန်းသွားလာရာမှာ ယာဉ်မတော်တဆဖြစ်တာ၊ မိုးရွာသွန်းချိန် ယာဉ်တွေရပ်နားထားတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။











