
အသင်းရောင်းချမယ့်ကိစ္စကို အမြန်ဆုံးလုပ်ဆောင်ဖို့ မန်ယူအသင်းကို ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက တိုက်တွန်း သွားပါတယ်။
မန်ယူအသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုဟာ အသင်းကိုရောင်းချဖို့ လုပ်ဆောင်နေပေမဲ့ ပြတ်သားမှုမရှိတာကြောင်း ကြန့်ကြာနေတာပါ။
မန်ယူအသင်းရဲ့ ပရိသတ်တယောက်၊ ကစားသမားဟောင်း တယောက်အနေနဲ့ ပိုင်ရှင်လွှဲပြောင်းမယ့်ကိစ္စကို အမြန်ဆုံး ဆုံးဖြတ်ချက်ချသင့်နေပြီဖြစ်တယ်လို့ ဘက်ခမ်းက ပြောပါတယ်။
ဒေးဗစ်ဘက်ခမ်းက “ဘယ်သူပဲ အသင်းကိုစီမံခန့်ခွဲသည်ဖြစ်စေ ချစ်မြတ်နိုးစိတ်ရှိရမယ်။ အသင်းကိစ္စတွေကို ပါဝင်လုပ်ဆောင်နိုင်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ် နိုင်ရမယ်။ ပြီးတော့ မှန်ကန်တဲ့ကစားသမားတွေကို ခေါ်ယူပြီး ရင်းနှီးမြှပ်နှံနိုင်သူဖြစ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်က ရင်းနှီးမြှင့်နှံမူတွေလုပ်ဆောင်ဖို့ လိုအပ်နေလို့ပါ။ အထူးသဖြင့် မန်စီးတီး လိုအသင်း ရဲ့လုပ်ဆောင်မူတွေကိုကြည့်မယ်ဆိုရင် ယူနိုက်တက်မှာလည်း ပြောင်းလဲပစ်ရမယ့် ကိစ္စတွေ အများကြီးရှိနေတာမြင်တွေ့ရမှာပါ” လို့ ပြောပါတယ်။
ဆက်လက်ပြီး မန်ယူနိုက်တက်လိုအသင်းမှာ ပရိသတ်တွေရဲ့ ယုံကြည်မှုမရတော့ဘူးဆိုရင် ပိုင်ရှင်တွေအနေနဲ့ အသင်းကနေထွက်ခွါတာက အကောင်းဆုံးဖြစ်ကြောင်းလည်း ဘက်ခမ်းက ပြောသွားပါတယ်။










