DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေကြေးတချို့ အရောင်းပိတ်တဲ့အထိ ငွေကြေးဖောင်းပွ
DVB
·
July 28, 2023
နိုင်ငံခြားငွေကြေးတချို့ အရောင်းပိတ်တဲ့အထိ ငွေကြေးဖောင်းပွ
Donate to DVB

စစ်ကောင်စီ အသစ်ထုတ်ပြန်လိုက်တဲ့ နှစ်သောင်းတန် ငွေစက္ကူနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ မြန်မာကျပ်ငွေ တန်ဖိုး လျော့ကျသွားကာ ဒေါ်လာဈေး၊ ရွှေဈေးတက်တာ အပါအဝင် နိုင်ငံခြားငွေကြေးတချို့ အရောင်းပိတ်တဲ့အထိ ငွေကြေးဖောင်းပွမှု ကြုံနေရပါတယ်။

လက်ရှိ နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှု ပုံမှန် အခြေအနေ ရောက်နေပြီး ဘဏ်တွေမှာ ငွေကြေး အပ်နှံမှု များစွာရှိနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဇူလိုင် ၂၆ ရက်က စီးပွားရေးရာ ကော်မတီ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ စစ်တပ် အာဏာသိမ်းပြီးကတည်းက ပြည်သူတွေဟာ ဘဏ်စနစ်အပေါ် အယုံအကြည် မရှိတော့ဘဲ စုငွေအပ်တာထက် မဖြစ်မနေ ငွေအလွှဲအပြောင်းကိစ္စတွေမှာသာ ဘဏ်ကို အသုံးပြုတယ်လို့ ဘဏ်လုပ်ငန်း အသုံးပြုသူတွေက ပြောပါတယ်။

"ပိုက်ဆံတွေက ငွေသားပဲ သုံးဖြစ်တာများတယ်။ ဘဏ်ကို ငွေသွားမသွင်းဘူး။ နောက်တခုက ၂ သောင်းတန် ထုတ်လို့ ငွေကြေး ဖောင်းပွမှုမဖြစ်ဘူးဆိုတာ လိမ်တာပဲ။ ဘာလို့လဲဆိုတော့ ဒေါ်လာဈေးတွေ ရွှေဈေးတွေ တက်သွားတာ မျက်မြင်ပဲလေ။ ဘဏ်တွေကို သုံးတယ်ဆိုတာ Mobile Banking အနေနဲ့ သုံးတယ်။ ကြားထဲမှာ transition ဟိုလွှဲ ဒီလွှဲလောက်ပဲ။ သွားထည့်တယ်ဆိုတာ မရှိဘူး။ ဥပမာ လစာတွေဘာတွေ ဘဏ်ထဲ ဝင်ပြီဆိုရင် အဲ့ထဲကနေပဲ Keep ပြီး သုံးတယ်။ ထုတ်တယ်။ တကူးတကကြီး ဘဏ်ထိသွားပြီး ပိုက်ဆံ သွားထည့်တာ မရှိတော့ဘူး။ Cash ပဲ ကိုင်ထားတာ များတယ်။ ပြည်တွင်းဘဏ် အယုံအကြည် မရှိတာက ရှင်းပါတယ်။ ထုတ်လို့ မလွယ်ဘူးလေနော်။ ထည့်ပြီးသွားရင် ပြန်ထုတ်ဖို့က မလွယ်ဘူး။ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ မသိတော့ ဘဏ်ထဲမှာ ပိုက်ဆံထားဖို့က စိတ်ချလို့ မရတဲ့ အခြေအနေပေါ့။ ရှိတော့ရှိတယ် ထားတယ်။ ဒါပေမဲ့ ဈေးဝယ်ဖို့ သုံးဖို့လောက်ပဲ ထားတယ်။ အဲ့လိုပဲ ပြောရမှာပေါ့" လို့ ဘဏ်လုပ်ငန်း အသုံးပြုသူတဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းက အစိုးရဘဏ်တွေ အပါအဝင် ပုဂ္ဂလိက ဘဏ်တွေကို ပြည်သူတွေ အယုံအကြည်နည်းပြီး စုငွေအပ်နှံမှု လျော့ကျသွားတာပါ။ စုငွေ အပ်တာ လျော့ကျသွားတဲ့အတွက် ဘဏ်တွေကလည်း ပြည်သူတွေ ပုံမှန်အပ်ငွေ တိုးလာအောင် အတိုးနှုန်း မြင့်ပေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူတွေဘက်က စိတ်ဝင်စားမှု နည်းပါတယ်။

ပြည်တွင်းဘဏ်တချို့မှာတော့ ငွေသွင်းငွေထုတ် လုပ်ငန်း လည်ပတ်မှု ရှိနေပေမယ့် အာဏာမသိမ်းခင်ကလို ဘဏ်မှာ ငွေပမာဏ များများ အပ်တာ မရှိဘဲ လူအများစုက ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုကို ပိုလုပ်လာကြတယ်လို့ ရန်ကုန်မြို့က လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

"လုပ်ငန်းပုံမှန် လုပ်နေသူတွေကတော့ ဘဏ်နဲ့ ပြန်ပြီး ချိတ်ဆက်ကြတယ်။ ဥပမာ- ပြည်တွင်းစီးပွားရေး လုပ်နေသူတွေ၊ စက်ရုံလုပ်ငန်း လုပ်နေသူတွေ၊ သူတို့ ပစ္စည်းကလည်း ဒီပြည်တွင်းမှာပဲ ဖြန့်တယ်။ ရန်ကုန်-မန္တလေး နယ်တွေဆို ဒီဘဏ်နဲ့ပဲ ဆက်သွားနေကြတယ်။ နောက်တခုက သင်္ဘောသားတွေပေါ့။ သူတို့ လစာပေးတဲ့အခါ bank to bank ချင်းပေးနေရတော့ လွှဲနေကြတယ်။ ဘဏ်လုပ်ငန်းတွေ၊ ငွေသွင်းငွေလွှဲ ကိစ္စတွေကျတော့ ပမာဏများတော့ လုပ်နေကြတာ တွေ့တယ်။ Kpay တွေ သုံးနေတယ်ဆိုပေမယ့် ဘယ်လောက်ပဲ ပြောပြော Kpay က ပမာဏတခုပဲ ရတယ်လေ။ ဘဏ်လုပ်ငန်းတွေကတော့ အပ်နေတာလည်း ရှိတယ်။ လွှဲနေ ပြောင်းနေတာလည်း ရှိတယ်။ ဒါပေမယ့် ဘဏ်စုငွေကို အရင်လို ကြီးကြီးမားမား အပ်ကြတာ မရှိတော့ဘူး။ တော်တော်များများက မြေတွေဝယ်၊ အိမ်တွေဝယ်၊ ခိုင်မာတဲ့ Properties ကိုပဲ မြှုပ်နှံကြတော့တယ်။"

နှစ်သောင်းတန် ထုတ်မယ်လို့ ကြေညာပြီးနောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်နေပါတယ်။ ဇူလိုင် ၂၈ ရက် နောက်ဆုံးစာရင်းအရ ဘတ်ဈေး ၁ ဘတ်ကို ၉၉ ကျပ် နီးပါး၊ ဒေါ်လာဈေး ၁ ဒေါ်လာကို ၃၄၀၀ ဝန်းကျင်နဲ့ ရွှေဈေးက ၁ ကျပ်သား ၃၅ သိန်းကျော်အထိ ပေါက်ဈေး ရှိနေပါတယ်။

ငွေကျပ် နှစ်သောင်းတန်ကြောင့် ငွေကြေး ဖောင်းပွမှု လုံးဝ ဖြစ်စေမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းနေပေမယ့် လက်တွေ့မှာတော့ မြန်မာငွေ တန်ဖိုးကျဆင်းနေတာ အားလုံး အသိပဲလို့ ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်သူ တယောက်က ပြောပါတယ်။

"လက်တွေ့ မြေပြင်အခြေအနေမှာ ကျနော်တို့ ကြည့်လိုက်မယ်ဆို ဒေါ်လာဈေးတို့ ရွှေဈေးတို့ တက်လာတာက သက်သေပဲလေ။ ကားဈေးတွေဆို ၃ ဆလောက်နီးပါး တက်သွားတယ်။ အဲ့အခါကျ သူတို့ ဒီလို ၂ သောင်းတန်တွေ မဆင်မခြင် ထုတ်လိုက်တော့ မြန်မာကျပ်ငွေ တန်ဖိုး တော်တော် လျော့ကျသွားတယ်။ ထိုင်းဘတ်ဈေးတို့၊ တရုတ်ယွမ်တွေဆိုလည်း တော်တော် တက်တာပဲ။ ထိုင်းဘတ်ဈေးဆိုလည်း အရင် ၈၀ ဝန်းကျင်နဲ့ ငြိမ်နေပြီ။ အခုဆို ၉၀ ကျော် ၁၀၀ နီးပါး ဖြစ်နေပြီ။ အဲဒီတော့ ၂ သောင်းတန်ကို အမှတ်တရ အနေနဲ့ ထုတ်တယ်ဆိုတာ ပြည်သူတွေကို သပ်သပ် လှည့်ဖျားတဲ့လုပ်ရပ်လို့ မြင်ပါတယ်။"

လက်ရှိမှာလည်း စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ရိုက်နှိပ်ထုတ်ဝေမယ်ဆိုတဲ့ ကြေညာချက်‌ ဂယက်ကြောင့် ငွေကြေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဈေးတွေ ထပ်မံမြင့်တက်လာတာနဲ့အတူ ရွှေဈေး၊ အိမ်ခြံမြေ၊ ကား၊ စက်သုံးဆီဈေး၊ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ဈေးနှုန်းတွေ၊ ဆေးဝါး‌ဈေးတွေပါ ထပ်မံ လိုက်ပါမြင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကနေ ရိုက်နှိပ်ထုတ်ဝေမယ့် နှစ်သောင်းတန် ငွေစက္ကူတွေနဲ့ ပတ်သက်ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုမှာ မဟုတ်ကြောင်းနဲ့ တရားမဝင်အဖြစ် သတ်မှတ်ကြောင်း ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013