DVB Logo
Home
မြန်မာသတင်း
၂ နှစ်ခွဲခန့်အတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၂၈ ဦး ဖမ်းဆီးခံရ၊ ၈၈ ဦး ထိန်းသိမ်းခံနေရဆဲ
DVB
·
July 28, 2023
၂ နှစ်ခွဲခန့်အတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၂၈ ဦး ဖမ်းဆီးခံရ၊ ၈၈ ဦး ထိန်းသိမ်းခံနေရဆဲ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၈၅၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၁၀၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၇၁၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၉၇၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၃၉၀ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ နိုင်ငံတဝန်း လွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ စစ်အုပ်စုလက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၄ ယောက် အပါအဝင် ၈၈ ယောက်ကတော့ လက်ရှိအချိန်ထိ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထောင်ဒဏ်ချမှတ်ခံရသူတွေထဲမှာတော့ ၁ ကြိမ်ထက်ပိုပြီးတော့ အမိန့်ချမှတ်ခံရသူ ၂၄ ယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို မြောင်းမြထောင်တွင်း ခရိုင်တရားရုံးက ၂၀၂၃ ခုနှစ်၊ ဧပြီ ၇ ရက်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ဇူလိုင် ၁၂ ရက်မှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဦးဝေလင်းအောင်ဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်မှာ ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပြီးဖြစ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံထားရတာ ဖြစ်ပြီး သူ့ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တာလို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013