
ယခုနှစ် ဇူလိုင်လသည် ကမ္ဘာ့စံချိန်တင် အပူဆုံးလဟု လေ့လာသူများပြော
DVBကမ္ဘာ့မြောက်ပိုင်းခြမ်းအတွင်း အပူလှိုင်းဖြတ်သန်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် ၂၀၂၃ ခုနှစ်ရဲ့ ဇူလိုင်လဟာ စံချိန်တင် အပူပြင်းဆုံးလတလ ဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဇူလိုင် ၂၇ ရက်မှာ ပြောကြားပါတယ်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းကထက် ဒီလရဲ့ ကမ္ဘာ့ပျှမ်းမျှအပူချိန်ဟာ အနည်းဆုံး ဝ ဒသမ ၄ ဖာရင်ဟိုက်အထိ ပိုမိုနိုင်တယ်လို့ ဥရောပသမဂ္ဂရဲ့ အချက်အလက်တွေထဲမှာ ဖော်ပြထားပါတယ်။
နှစ်ပေါင်း ၁၇၄ နှစ်ကြာ စူစမ်းလေ့လာခဲ့တဲ့ မှတ်တမ်းတွေအရ ၂၀၁၉ ခုနှစ်ရဲ့ ဇူလိုင်လဟာ အပူပြင်းဆုံးလတခု ဖြစ်ခဲ့ဖူးပါတယ်။
လက်ရှိကာလမှာ စက်မှုခေတ်မတိုင်မီတုန်းက ပျှမ်းမျှအပူချိန်ထက် ၂ ဒသမ ၇ ဖာရင်ဟိုက် အထိ အကြမ်းဖျင်းအားဖြင့် မြင့်တက်လာတယ်လို့ ခန့်မှန်းထားသလို ၂၀၂၃ ခုနှစ်ရဲ့ ဇူလိုင်လ အတွင်း စံချိန်ချိုးနိုင်မယ့် အလားအလာကလည်း အတော်များနေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကတော့ “အခုလို ရာသီဥတု ဖောက်ပြန်မှုတွေ ဖြစ်ပေါ်လာမှုဟာ ကြောက်မက်ဖွယ်ရာ ကောင်းပါတယ်။ ပြီးတော့ ဒါက အစပဲ ရှိပါသေးတယ်။ အဆိုးရွားဆုံးသော ရာသီဖောက်ပြန်မှုကို ရှောင်ဖယ်နိုင်ဖို့အတွက် သိသားထင်ရှားတဲ့ ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလိုအပ်နေပါပြီ” လို့ မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် ဒါမှမဟုတ် ၂၀၂၄ ခုနှစ်ဟာ အပူပြင်းဆုံးသော နှစ်တနှစ်အဖြစ် စံချိန်တင်မှတ်တမ်းတွေထဲမှာ အဆုံးသတ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက မှန်းဆထားပါတယ်။
Source - Reuters











