Home
မြန်မာသတင်း
ဟိုပင်မြို့ပေါ် ရပ်ကွက်အချို့  ရေကြီး 
DVB
·
July 28, 2023
363789629_300407935789447_6600097970286086216_n

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ  မိုးသည်းထန်စွာ ရွာသွန်းလို့ သရက်ချောင်း  ရေကြီးရေလျှံဖြစ်ပေါ်ကာ ရပ်ကွက်တချို့မှာ လူနေအိမ်တွေ ရေကြီး နစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက်  ဇူလိုင် ၂၆ ရက်ညကစပြီး သရက်ချောင်း ရေကြီးရေလျှံကာ ချောင်းအနီးရပ်ကွက်တွေရှိ နေအိမ်တွေထဲကို ရေတွေဝင်ရောက်နေတဲ့အတွက် ရေလွတ်ရာ ရွှေ့ပြောင်း နေရပါတယ်။

ဒေသခံတဦးက  "  မိုးက နှစ်ရက်ဆက်တိုက် ရွာတာ။ မိုးနဲ့ အတူ တောင်ကျရေတွေက ချောင်းထဲဝင် လာတယ်။ ဇူလိုင် ၂၆ ရက်ညကတည်းက ချောင်းနဲ့နီးတဲ့ ရပ်ကွက်တွေထဲ ရေစဝင်လာတယ်။ ရေက တချို့နေရာတွေမှာ ပေါင်လောက် ထိရှိတယ်။ တချို့နေရာတွေက ရင်ဘတ်လောက်ထိ ရှိတယ်။ တချို့ အိမ်သုံးဆောင်ပစ္စည်းတွေလည်း မျောပါကုန်ပြီ။ ကုန်းမြင့် နေရာတွေကို ရွှေ့ပြောင်း နေရတယ်" လို့ ပြောပါတယ်။

မိုးအဆက်မပြတ်ရွာပြီး တောင်ကျချောင်းရေတွေ စီးဆင်းလာတဲ့အတွက် သရက်ချောင်းနားက မြဇေယျာရပ်ကွက်၊ ကုလားကုန်း၊  မြဇေယျာအောက်ချိုင့်၊  မြို့မမြောက်အောက်ချိုင့်၊ အောင်နန်းအောက်ချိုင့်နဲ့  နတ်ကြီးကုန်းစတဲ့ ရပ်ကွက်တွေထဲကို ရေများ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

ဒေသခံ တဦးက "ချောင်းနဲ့နီးတဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေက နေအိမ်ထဲအထိ ရေတွေဝင်တယ်။ ဆိုင်ကယ်တွေ ကားတွေလည်း ရေနစ်တယ်။ အိမ်အသေးတစ်လုံးတောင် ရေထဲ မျောပါသွားတယ်။ လူ ထိခိုက်သေဆုံးတာတော့ မရှိဘူး၊  ကုန်းအမြင့် နေရာတွေ ရွေ့နေကြတယ်"လို့ ပြောပါတယ်။

ဟိုပင်မြို့နယ်မှာ ဇူလိုင် ၃ ရက်ကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ရေကြီး ရေလျံမှု ပထမအကြိမ်ဖြစ်ပွားခဲ့ပြီး ယခု ဒုတိယအကြိမ် ရေကြီးရေလျှံမှု ဖြစ်ပွားရာမှာ လူနေရပ်ကွက်တွေ အတွင်း ရေဝင်ရောက်မှု ပိုမိုများပြားခဲ့ပါတယ်။

photo  CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024