
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုရှိ အရှေ့ဘန်လောကျေးရွာမှာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦးလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ နေ့လယ် ၁ နာရီလောက်က အရှေ့ဘန်လောကျေးရွာဘက်ကို စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းတွေကနေပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးကတော့ "လက်နက်ကြီးက ၃၀၆တပ်ရော ၅၅၇ တပ်ရောပစ်ကြတာ။ ရွာသား ၁ ယောက်လည်း လက်နက်ကြီးထိတယ်”လို့ပြောပါတယ်။
အဆိုပါနေ့ ညနေ့မှာလည်း တနင်္သာရီမြို့က စစ်ကောင်စီရဲ့ ရဲကင်းစခန်းကို တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးရမ်းသန်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ မကြာခဏ လက်နက်ကြီး ထိမှန်ဒဏ်ရာရတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း လက်ပံချောင်းရွာဘက်ကို ဇူလိုင် ၂၆ ရက်ညက စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ၁၂၀ မမ လက်နက်ကြီး ၂ လုံးဟာ လက်ပံချောင်းရွာပြင်နဲ့ ရွာထဲကနေအိမ်ကြားကို ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၅ ဦး လက်နက်ကြီးကျည်မှန်ခဲ့ပြီး နေအိမ်အနည်းငယ်ပျက်စီးသွားတာလို့ ဆိုပါတယ်။
ကလေးဒေသခံတဦးက "ည ၁၀ နာရီလောက်က လက်နက်ကြီး ၂ လုံးကျတာ။ တလုံးက လယ်ပြင်ကျတာ။ တလုံးက အိမ်ကြားထဲကျပြီး ကလေးတွေ လက်နက်ကြီးကျည်စထိမှန်ကြတာ။ အသက်အန္တရယ်စိုးရိမ်ရတဲ့ အနေအထားတော့မရှိဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်ပံချောင်းရွာဘက်က ပြည်သူတွေနေတဲ့ဆီကို လက်နက်ကြီးနဲ့ ဘာကြောင့်ပစ်ခတ်တယ်ဆိုတာတော့ မသိကြရဘူးလို့ ဆိုပါတယ်။
ကလေးမြို့တွင်း စစ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေဟာ ဇွန်လလယ်ပိုင်းကစတင်ပြီး နေ့စဉ်နီးပါး ကလေးမြို့အနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာပါ။
ဇူလိုင် ၁၃ ရက်ကလည်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးမြို့အနောက်တောင်ပိုင်းက စီးစံရွာမှာ ဒေသခံလင်မယား ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။
ကလေးမြို့နယ်မှာ ဇွန်လ၁လအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မြို့ပေါ်တာဟန်းရပ်ကွက်အပါအဝင် သာစည်ရွာ၊ စံသာရွာ၊ ထိုမာရွာ၊ နဂါးပွတ်ရွာနဲ့ လက်ပံချောင်းရွာတွေမှာ အသက်မပြည်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၈ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။











