
ယူကရိန်းစစ်တပ်ရဲ့ တိုက်ခိုက်မှုအများအပြားကို ရုရှားတပ်ဖွဲ့တွေက ချေမှုန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ယူကရိန်းက ရုရှားရဟတ်ယာဉ်နဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ နှစ်နိုင်ငံစလုံးက အင်္ဂါနေ့မှာ တရားဝင် ရှင်းလင်း ပြောကြားပါတယ်။
ဒွန်ညက်စ်၊ ခရက်စ်နီလီမန်၊ ဇာပိုရစ်ချ်ဇီယာ၊ ကူပြန့်စ်ခ်နဲ့ ခါဆွန် ဒေသတွေက လမ်းကြောင်းတွေမှာရှိတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေက ယူကရိန်းတွေရဲ့ တိုက်ခိုက်မှုအများအပြားကို ချေမှုန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်အစီရင်ခံစာအတွင်း ပြောပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်း ကွပ်ကဲရေးစခန်း၊ ခဲယမ်းမီးကျောက်တွေနဲ့ လက်နက်တွေကို ခြေရာခံတဲ့ တန်ပြန်ရေဒါစနစ်တွေကို ထိမှန်အောင် ပစ်ခတ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံထုတ် Mil Mi-24 ရဟတ်ယာဉ်၊ HIMARS ဒုံးပျံတွေနဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
အင်္ဂါနေ့မှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က သူတို့ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လမ်းကြောင်းများစွာမှာ ရုရှားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဒါဇင်နဲ့ချီ တိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားစစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပစ္စည်းကိရိယာတွေ တည်ရှိနေတဲ့ နေရာတွေကို လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်၊ ရုရှား အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်တွေ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်နဲ့ တခြားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး ရုရှားရဲ့ ခါမော့ဗ် Ka-50 ရဟတ်ယာဉ်နဲ့ ဒရုန်းအများအပြားကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်း အရှေ့ပိုင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆာဟီးရ်ချယ်ရယ်ဝါတီက ယူကရိန်းတပ်ဖွဲ့တွေဟာ ဘတ်ခ်မွတ် စစ်မြေပြင်မှာ အမေရိကန်က ပံ့ပိုးပေးတဲ့ ပဒေသာဗုံးတွေကို စတင်ပစ်ခတ်နေပြီလို့ ယူကရိန်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဇူလိုင် ၇ ရက်က ယူကရိန်းဆီ ပဒေသာဗုံးတွေ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန် စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်သစ်တရပ် ပေးပို့မယ်လို့ အမေရိကန်က ကြေညာခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် ကမ္ဘာတဝန်းမှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့ပါတယ်။ လေယာဉ်ပစ်ဒုံးကျည်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ မောင်းသူမဲ့ လေယာဉ်ငယ်တွေ အပါအဝင် ယူကရိန်းအတွက် နောက်ထပ် လုံခြုံရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပေးမယ်လို့ အင်္ဂါနေ့မှာ အမေရိကန်ကာကွယ်ရေးဌာနက ကြေညာပါတယ်။
ဒါဟာ ယူကရိန်းကို အမေရိကန်ရဲ့ စစ်ရေးအကူအညီ ၄၃ ခုမြောက်အသုတ် ဖြစ်လာမှာပါ။ ယူကရိန်း အကျပ်အတည်း ဖြစ်ပွားပြီးကတည်းက ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံကျော် အမေရိကန်က ထောက်ပံ့ပေးခဲ့ပါတယ်။
Source - Reuters










