
ပဲခူးတိုင်း၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာ ၁ လမ်းရှိ ဆေးလိပ်ခုံတခုမှာ ဇူလိုင် ၂၆ ရက် ညနေက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ပြောပါတယ်။
ညနေ ၄ နာရီ ၁၅ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့လို့ ပဲခူးတိုင်း၊ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေက သွားရောက် ငြှိမ်းသတ်ခဲ့ကြတာပါ။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “ဒေါ်မဆေးလိပ်ခုံအိမ် လောင်တာပါ။ ၁၀ မိနစ်လောက်ပဲ ကြာပါတယ်။ မိုးကလည်း ရွာလာတော့ ငြိမ်းသွားပါပြီ” လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာဟာ ရွှေဘိုဒေါ်မ ဆေးလိပ်ဖြန့်ချိရေးအိမ်ဖြစ်တယ်လို့ သိရပြီး အုတ် ၂ ထပ် အဆောက်အဦရဲ့ အောက်ထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
မီးလောင်မှုဖြစ်စဉ်ကို ပဲခူးမြို့ရှိ မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၆ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၅ မိနစ်လောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။











