
မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တို့မှာ ဇူလိုင် ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။
ပေါက်မြို့နယ် အုန်းတောကျေးရွာနားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၄၀ လောက်ကို ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီလောက်မှာ အနီးကပ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒေသခံပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေလို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီ တပ်သား ၁ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း-၃၊ ပေါက်ဗိုလ်တစ္ဆေအဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိမိတို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
မြိုင်မြို့နယ် သရက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဇူလိုင် ၂၄ ရက် ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတယောက် လဲကျသေဆုံးခဲ့ပြီး ည ၁၀ နာရီလောက်မှာ အမိန့်ပြန်တဲ့အသံနဲ့ သေနတ်ဖောက်သံ ၃ ချက် ကြားခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်တကြောမှာလည်း စစ်တပ်က ဇွန် ၁၆ ရက်ကတည်းက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ပခုက္ကူမြို့နယ် လူသားစာနာအဖွဲ့ တာဝန်ခံ ကိုပန်ဒါက “အများစုက သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပါတယ်ဗျ။ ၁၆ ရက်နေ့ကတည်းက စစ်ကြောင်းသတင်း ကြားရပြီး တန့်ကြည့်တောင်တကြောကို စစ်ကြောင်းထိုးနေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အရင်က သက်ကြီးရွယ်အိုတွေ ရွာထဲမှာနေခဲ့ကြပေမဲ့ အိမ်နဲ့အတူ မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေ ရှိတာကြောင့် သက်ကြီးရွယ်အိုတွေပါမကျန် စစ်ဘေးရှောင်နေရတာလို့ သိရပါတယ်။
“အခုလက်ရှိက မိုးတွေလည်း ရွာနေတယ်။ စစ်ကြောင်းသတင်း ကြားကတည်းက ကျနော်တို့ ရိက္ခာကို ကြိုစုထားနိုင်ခဲ့တယ်။ နောက်ပြီး ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူသားစာနာအဖွဲ့ ပူးပေါင်းပြီး နေစရာနဲ့ စားစရာကို သေချာပြင်ဆင်ပေးထားပါတယ်။ ပြည်သူ့ကျန်းမာရေးအဖွဲ့ကလည်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားပါတယ်” လို့ ကိုပန်ဒါက ဆက်ပြောပါတယ်။
အရင်က နီးစပ်ရာတောထဲမှာ စစ်ဘေးရှောင်ကြပေမဲ့ ရာသီဥတုအခြေအနေကြောင့် ပခုက္ကူဘက်ထိ ရောက်လာတာလို့ သိရပါတယ်။
ဇွန် ၁၆ ရက်ကတည်းက စစ်ဘေးရှောင်ပြည်သူတွေကို စောင့်လျှောက်မှုတွေ ပေးထားခဲ့ပြီး လက်ရှိအချိန်မှာ စစ်ဘေးရှောင်ပြည်သူဦးရေ တိုးလာတာနဲ့ ရိက္ခာမလုံလောက်တာတွေကြောင့် ကူညီပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။











