DVB Logo
Home
မြန်မာသတင်း
ကျွန်းစု ရဲစခန်း တိုက်ခိုက်ခံရ၊ ပုလောမြို့ အဝင်ဂိတ်တွင် တင်းကျပ်စစ်ဆေးနေ၍ ဒေသခံများ အခက်ကြုံ 
DVB
·
July 26, 2023
ကျွန်းစု ရဲစခန်း တိုက်ခိုက်ခံရ၊ ပုလောမြို့ အဝင်ဂိတ်တွင် တင်းကျပ်စစ်ဆေးနေ၍ ဒေသခံများ အခက်ကြုံ 
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ရှော်တောမော်ကျေးရွာက ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီခွဲလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။

အဆိုပါ ရှော်တောမော်ကျေးရွာရှိ ရဲစခန်းကနေပြီး စစ်ကောင်စီရေတပ်နဲ့ ပျူစောထီးအဖွဲ့တွေ စုဖွဲ့ပြီး ဘဒ္ဒနဲကျေးရွာဘက်ကို စစ်ကြောင်းထိုး တိုက်ခိုက်တာမျိုးတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းအချက်အလက် စုံစမ်းတာတွေ လုပ်ဆောင်နေတာလို့ ပြောပါတယ်။

“ရဲစခန်းထဲထိတော့ ဝင်ပစ်တာမျိုးတော့ မဟုတ်ဘူး။ လှေနဲ့ဖြတ်သွားပြီးတော့ သွားပစ်တာပါ။ ခြိမ်းခြောက်တယ်ဆိုတဲ့ အတိုင်းအတာအထိ ဖြစ်တယ်ဆိုပြီး ပြောလို့ရတယ်” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ရှော်တောမော်ကျေးရွာရဲစခန်းမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီရေတပ် အရာရှိ ဗိုလ်အဆင့်ရှိသူတွေကလည်း လာရောက်အထိုင်ချနေတာမျိုးတွေ ကြားရတဲ့အတွက် သွားရောက်ပစ်ခတ်တာလည်း ဖြစ်တယ်လို့ ပြောပါတယ်။‌

အဲဒီရဲစခန်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲအင်အား ၁၀ ယောက်ကျော်အပြင် ရေတပ် တပ်သားတွေပါ ရှိတယ်လို့ သိရပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သူ ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၁ ရက်‌ကလည်း ကျွန်းစုမြို့နယ် ဘဒ္ဒနဲအုပ်စုရှိ တဆားဂလက်ဝအနီးမှာ စစ်ကောင်ရေတပ်သားတချို့နဲ့ ပျူစောထီးတွေ ပူးပေါင်းလိုက်ပါလာတဲ့လှေငယ်တစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အဝင် မှော်ကြောင်းရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာခွင့်နဲ့ စစ်ဆေးရေး တင်းကျပ်လာတာကြောင့် သွားလာရ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်းရွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၂၀ ရက်တည်းက ချထားပြီး စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ပုလောမြို့ကနေ ဈေးဝယ်ပြီး နယ်တွေမှာ ပြန်ရောင်းတဲ့ ဈေးသည်တွေ တော်တော် အခက်တွေ့တယ်။ ပုလောမြို့ကနေပြန်ရင် ဘာပစ္စည်းမှ သယ်ခွင့်မပေးဘူး” လို့ ပြောပါတယ်။

အခုလို မှော်ကြောင်းမှာချထားတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကြောင့် လက္ကူးကျေးရွာအုပ်စုတွေဖြစ်တဲ့ မှော်ကြောင်း၊ မြဒေါင်း၊ လက္ကူးရွာတွေမှာရှိတဲ့ ဒေသခံတွဟာ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာအတွက် ပုလောမြို့ကို ဖြတ်သန်းသွားလာရတာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

“အရင်က စစ်ဆေးရေးဂိတ် မရှိဘူး။ ဒီနေ့ဆို ၅ ရက်ရှိပြီ တင်းကျပ်ထားတာ။ မြို့ပေါ် ငွေလွှဲငွေထုတ် သွားရင်လည်း စကစစစ်ဆေးရေးဂိတ်တွေက ပိုက်ဆံဖြတ်တယ်။ မြို့ပေါ်သွားရင်လည်း အပြန်ကျရင် ဖုန်းဘေလ်တွေ ဝယ်လာခိုင်းတယ်။ သူတို့ အနိုင်ကျင့်သမျှ ပြည်သူတွေက ခံနေရတယ်” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ပထမနေ့ စကစတပ်သား အင်အား ၂၀၀ လောက်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေကို ထားဝယ်ဘက် ရေလမ်းကနေသယ်လာပြီး မှော်ကြောင်းရွာအနီးမှာ ဂိတ်လာချတာ။ နောက်တရက်မှာတော့ စကစတပ်သား ၁၀၀ လောက်က မြိတ်ဘက်ကို ရွှေ့သွားတယ်။ အခုလက်ရှိတော့ အင်အား ၂၀ လောက်နဲ့ စောင့်နေတယ်” လို့ ဂိတ်ရဲ့အခြေအနေကို ပြောပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီရဲ့ နန်းတောင်စစ်ဆေးရေးဂိတ်နဲ့ မှော်ကြောင်း စစ်ဆေးရေးဂိတ်တွေဟာ စစ်ဆေးရေး အတင်းကျပ်ဆုံးဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013