
ပြည်တွင်းဆန်စျေးကွက်မှာ ၁ ရက်အတွင်း ဆန်တအိတ်ကို ကျပ် ၅,၀၀၀ ထိ မြင့်တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းအရ ဧရာဝတီပေါ်ဆန်းမွှေး တအိတ်ကို ကျပ် ၈၅,၀၀၀ ကနေ ကျပ် ၉၀,၀၀၀၊ ဇီယာဆန်တအိတ်ကို ကျပ် ၆၅,၀၀၀ ကနေ ကျပ် ၇၀,၀၀၀၊ ဆင်းသွယ်ဆန်တအိတ်ကို ကျပ် ၇၅,၀၀၀ ကနေ ကျပ် ၈၀,၀၀၀ အထိ မြင့်တက်လာပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ရောင်းဝယ်သူတဦးက “ဆန်အကုန်လုံး တအိတ်ကို ၅,၀၀၀ လောက် ဈေးတက်ပါတယ်။ ဆန်ဈေးတက်ပေမဲ့ အဝယ်ကတော့ အရမ်းကိုများပါတယ်။ ငွေ ၂၀,၀၀၀ တန်ထုတ်မှာမို့ ငွေကြေးကမောက်ကမဖြစ်ပြီး ဆန်ဈေးတက်တာထက်ကို တလ တခါ ဆန်ဈေး အပြောင်းအလဲဖြစ်လို့ တက်လာတာလို့ပဲ ထင်ပါတယ်” လို့ ပြောပါတယ်။
ဆန်ဈေးတွေ မြင့်တက်လာတာကြောင့် ထမင်းကိုသာ အဓိကထား စားသုံးကြတဲ့ မြန်မာပြည်သူလူထုမှာ မီးဖိုချောင်အသုံးစရိတ် ပိုမိုမြင့်တက်လာနေပြီး ဆန်ကို ချွေတာစားသုံးရတာတွေ ရှိလာနေပါတယ်။
ဆန်ဈေးနှုန်း မြင့်တက်မှုဟာ အလုပ်အကိုင်ရှားပြီး မိသားစုဝင်ငွေ လျော့နည်းလာမှုနဲ့ ရင်ဆိုင်နေရတဲ့ အခြေခံလူတန်းစားတွေသာမက လူလတ်တန်းစားတွေပါ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိနေပါတယ်။
အိမ်ရှင်မတဦးက “ဆန်ဈေးက အရမ်းတက်တယ်။ ဝင်ငွေနဲ့ ထွက်ငွေနဲ့ မမျှတော့ပါဘူး။ အရင်က ဆန်ပျော့လေး စားနိုင်သေးတယ်။ အခုက ရောတောင်မစားနိုင်တော့ဘူး။ ကုန်စျေးနှုန်းတွေပဲ တက်တာပါ၊ လုပ်ခတွေက မတက်ပါဘူး။ အခုဆို အကြွေးတွေတောင် တက်နေပြီ” လို့ ပြောပါတယ်။
မြန်မာပြည်တွင်း ဆန်ဈေးနှုန်းတွေဟာ ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်တာ၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ စပါးအထွက်နှုန်းအပေါ်မှာ စိုးရိမ်ပြီး ဝယ်ယူသိုလှောင်တာတွေကြောင့် စျေးကွက်အတွင်း စံချိန်တင် မြင့်တက်နေပါတယ်။
စစ်ကောင်စီက ဇူလိုင် ၂၃ ရက်က ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ရိုက်ထုတ်မယ်လို့ ကြေညာပြီးနောက်ပိုင်း မြန်မာငွေတန်ဖိုး ကျဆင်းသွားပြီး ကုန်စျေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။
သင့်တင့်မျှတတဲ့ ဆန်ဈေးဖြစ်စေဖို့ ကော်မတီဖွဲ့ပြီး ရန်ကုန်အပါအဝင် နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနဲ့ မန္တလေးတိုင်းတွေမှာ ဆန်သိုလှောင်မှုစာရင်း ကောက်ယူမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။











