DVB Logo
Home
မြန်မာသတင်း
ပင်လယ်ထဲ ပြုတ်ကျကျန်ခဲ့သည့် မြန်မာသင်္ဘောသား ၁ ဦး အသက်ဘေးက လွတ်မြောက်
DVB
·
July 25, 2023
ပင်လယ်ထဲ ပြုတ်ကျကျန်ခဲ့သည့် မြန်မာသင်္ဘောသား ၁ ဦး အသက်ဘေးက လွတ်မြောက်
Donate to DVB

အိန္ဒိယရေပိုင်နက်ထဲမှာ သင်္ဘောပေါ်ကနေ ပင်လယ်ပြင်ထဲ မတော်တဆ ပြုတ်ကျကျန်ရစ်ခဲ့တဲ့ မြန်မာသင်္ဘောသားတယောက်ဟာ ရေမကူးတတ်ပေမဲ့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရဘဲ အသက်ဘေးကနေ လွတ်မြောက်လာခဲ့ပါတယ်။

မြန်မာသင်္ဘောသား ကိုပြည့်စုံလှိုင်ဟာ ဇူလိုင်လ ၂၃ ရက် အိန္ဒိယ စံတော်ချိန် နေ့လယ်  ၂ နာရီ ၅၀မိနစ်လောက်က လုပ်ငန်းခွင်ဝင်နေစဉ် ပင်လယ်ထဲ မတော်တဆ ပြုတ်ကျခဲ့တာဖြစ်ပြီး မြင်ကွင်းရှင်းကာ ရာသီဥတုကောင်းမွန်ချိန်နဲ့  အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားသောကြောင့် ကယ်ဆယ်နိုင်ခဲ့ပြီး အသက်ရှင်ခဲ့တာပါ။

အိန္ဒိယနိုင်ငံ ကန်ဒလာဆိပ်ကမ်းကနေ တူနာဆိပ်ကမ်းကို ဦးတည် ထွက်ခွာလာတဲ့  MV Leo1 (Bulk Carrier ) သင်္ဘာပေါ်မှာ မြန်မာသင်္ဘာသား ကိုပြည့်စုံလှိုင်ဟာ ရေကြောင်းပြ အတက်အဆင်း လှေကားပြင်ဆင်နေရင်း လှေကားဝါယာကြိုးပျက်ကျတာကြောင့် အမြင့်ပေ ၁၂ မီတာခွဲလောက်နေ  ရေထဲကို ပြုတ်ကျခဲ့ပါတယ်။

ကိုပြည့်စုံလှိုင်က "ကျနော် ရေထဲကိုမှောက်ရက်ကြီး ပြုတ်ကျတယ်ဗျ။ ခြေလွတ်လက်လွတ်နဲ့ ရုတ်တရက်ကြီးဆိုတော့ မီရာလှမ်းဆွဲပေမဲ့ လှေကားတခုလုံးကို ထိန်းထားတဲ့ဝါယာက ပြတ်တာဆိုတော့ ယမ်းခါနေတာဗျ။ တော်သေးတယ်။ သက်ကယ်အင်္ကျီက ရေထဲရောက်တော့ ဂတ်စ် ပွင့်ခဲ့လို့”လို့ ရေထဲပြုတ်ကျပုံကို ပြန်ပြောပြပါတယ်။

သူ ရေထဲပြုတ်ကျချိန်မှာ သင်္ဘောက ထိန်းသိမ်းရခက်တဲ့ အနေအထားကြောင့် ဘေးကင်းရေးအတွက်သူနဲ့ ဝေးရာကို ခုတ်မောင်းသွားခဲ့ရပြီးနောက် ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ ဆက်သွယ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့ရပါတယ်။

ကိုပြည့်စုံလှိုင်ဟာ ရေထဲမှာ ၄၅ မိနစ်လောက် တည်ငြိမ်အောင်ကြိုးစားနေခဲ့ရပြီး ဆိပ်ကမ်းက တွန်းသင်္ဘောက လာရောက်ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဝါရင့်မြန်မာဘင်္ဘောကပ္ပတိန်တစ်ဦးက " Combination Ladder တွေ ပြင်ဆင်ရတဲ့အခါမှာ အချိန်နဲ့တပြေးညီ လုပ်ရတာဖြစ်ပြီး သတ်မှတ်ထားတဲ့ Safety Guidline (ဘေးအန္တရာယ်ကင်းရှင်းရေးလမ်းညွှန်) တွေကို အတိအကျလိုက်နာဖို့ လိုအပ်ပါတယ်။ လှေကားကို Control လုပ်မယ့် မော်တာတွေနဲ့ ထိန်းမယ့်ဝါယာကြိုးတွေရဲ့ ကြံ့ခိုင်မှုတွေကို နှစ်စဉ် စစ်ဆေးတာ လုပ်ရမယ့် လုပ်ထုံးလုပ်နည်းတွေကလည်း Safety Manual ထဲမှာ ပါပြီးသားဖြစ်ပါတယ်။ တာဝန်ရှိသူတွေက မပျက်မကွက် တိတိကျကျစစ်ဆေးနေဖို့လိုအပ်ပါတယ်”လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ရေကြောင်း မတော်တဆမှုပေါင်း ၃၀၈ ကြိမ်ဖြစ်ပွားခဲ့ပြီး  ၄၀ ရာခိုင်နှုန်းဟာ အသက်သေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေရှိခဲ့တယ်လို့   ရေကြောင်းမတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့(MAIB) ရဲ့ စစ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013