DVB Logo
Home
မြန်မာသတင်း
Bi မွန်းတည့်နေ ဂျာနယ် ပိုင်ရှင်နှင့် ရုံးတာဝန်ခံကို မဲဆောက်တွင် ဖမ်းဆီး
DVB
·
July 18, 2014
Bi မွန်းတည့်နေ ဂျာနယ် ပိုင်ရှင်နှင့် ရုံးတာဝန်ခံကို မဲဆောက်တွင် ဖမ်းဆီး
Donate to DVB

ကြားဖြတ်အစိုးရ သတင်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ Bi မွန်းတည့်နေ ဂျာနယ်ရဲ့ ပိုင်ရှင် ဦးကျော်မင်းခိုင်နဲ့ ရုံးတာဝန်ခံ ဦးယဉ်မင်းထွန်းတို့ကို မြ၀တီမြို့တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မှာ ဖမ်းဆီးခဲ့တယ်လို့ Bi မွန်းတည့်နေဂျာနယ်ရဲ့ သတင်းထောက်ချုပ် သိန်းမင်း​အောင်က ပြောပါတယ်။

ဂျာနယ်တိုက်ပိုင်ရှင်တွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူတွေကတော့ ဖမ်းဆီးခံရတာ ၃ ဦး ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Bi-Journal-300x198သူတို့အဆိုအရ Bi မွန်းတည့်နေ ဂျာနယ်တိုက်အမှု ဖြစ်ပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်က ဦးယဉ်မင်းထွန်းရဲ့ မိတ်ဆွေနေအိမ်မှာ ရောက်ရှိနေထိုင်ကြတဲ့ ပိုင်ရှင် ဦးကျော်မင်းခိုင်နဲ့ ဇနီး ဒေါက်တာ အိအိစံ၊ ဦးယဉ်မင်းထွန်းတို့ ၃ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေ ဇူလိုင် ၁၆ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဦးကျော်မင်းခိုင်ရဲ့ ၁၀ နှစ်နဲ့ ၇ နှစ်အရွယ် သားနှစ်ဦးကတော့ အဲဒီအိမ်မှာ ကျန်ခဲ့ပေမယ့် နောက်ရက်တွေမှာ ဒေါက်တာအိအိစံရဲ့ ဖခင်နေထိုင်ရာ ရန်ကုန်မြို့နေအိမ်ကို ပြန်လည် ရောက်ရှိနေကြတယ်လို့ သိရပါတယ်။

ဒါကြောင့် ကနဦးပိုင်းတုန်းက ဖမ်းဆီးထားတဲ့ အယ်ဒီတာ ၃ ဦးနဲ့ သတင်းထောက် ၁ ဦး ရှိသေးတာမို့ အခု လောလောဆယ် ဖမ်းဆီးခံရသူ ၇ ဦးရှိသွားပြီဖြစ်ပါတယ်။ ဒီဗွီဘီကို ပြောဆိုတဲ့ သတင်းရင်းမြစ်ကတော့ ဦးယဉ်မင်းထွန်းဟာလည်း ပိုင်ရှင်ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့တတွေဟာ Bi မွန်းတည့်နေဂျာနယ်မှာ အဖမ်းအဆီးတွေ များခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်ခြမ်းမှာ ရှောင်တိမ်းနေကြဖွယ်ရှိပါတယ်။

သူတို့ ၃ ဦးကို ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ထုတ်လာပြီး ရမန်ယူတာကို တွေ့ခဲ့ရသလို သူတို့ ၃ ဦးကို အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုပြီး ထောင်ကို ပြန်ခေါ်သွားတယ်လို့ အမည်မဖော်လိုသူက ပြောပါတယ်။

ဒါပေမယ့် ဒီဗွီဘီက သီခြားအတည်ပြုချက်မရသေးသလို သတင်းထောက်ချုပ် ဦးသိန်းမင်းအောင်ကလည်း ဒီအချက်အလက် မသိနိုင်သေးဘူးလို့ ပြောပါတယ်။

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (အမ်ဒီစီအက်ဖ်)ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ထုတ်ပြန်ချက်ကို ဇူလိုင် ၇ ရက်နေ့ထုတ် Bi မွန်းတည့်နေဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့လို့ အခုလို အမှုဖွင့်ခံရတာပါ။

Bi မွန်းတည့်နေ အယ်ဒီတာအဖွဲ့ဝင် ၃ ဦးနဲ့ အကြီးတန်းသတင်းထောက် ၁ ဦးကို ကနဦး ဖမ်းဆီးပြီး အများပြည်သူကို အထိတ်တလန့် ဖြစ်အောင် ကြံရွယ်မှု၊ ပြည်ထောင်စု လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကို ထိခိုက်စေရန် ကြံရွယ်မှုနဲ့ ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅ အရ ပုဒ်မခွဲ (ဃ)နဲ့ ပုဒ်မခွဲ (ည)နဲ့ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ အမှုဖွင့်ထားပြီးဖြစ်ပါတယ်။ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ် ကျခံရဖွယ်ရှိပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်တုန်းကလည်း Bi မွန်းတည့်နေဂျာနယ်ပိုင်ဆိုင်မှုနဲ့ ဆက်စပ်တဲ့ ဒေါက်တာထားထားအိရဲ့ မိခင် ဒေါ်ကြူကြူဝင်းကို ရဲက စစ်ဆေးဖို့ လာခေါ်ရာမှာ နှလုံးရောဂါကြောင့် အိပ်ရာကနေ မထနိုင်လို့ ခင်ပွန်းသည် ဦးစံတင်ကို ခေါ်ဆောင်ပြီး စစ်ဆေးခဲ့ပါတယ်။

မွန်းတည့်နေ ဂျာနယ်ဟာ ဒီနှစ်ဆန်းပိုင်းတုန်းက သတင်းတပုဒ်နဲ့စပ်လျဉ်းပြီး အမှုဖွင့်ခံခဲ့ရပါတယ်။ မွန်းတည်းနေဂျာနယ် ၁ နှစ်ပြည့်ပြီးနောက် အသစ်ထုတ်ဝေတဲ့ Bi မွန်းတည့်နေကတော့ အခု အမှုဖွင့်ခံနေရတာဖြစ်ပါတယ်။

ရပ်နားထားတဲ့ မွန်းတည့်နေဂျာနယ်ကိုတော့ မကြာခင် ပြန်လည်ထုတ်ဝေတော့မှာဖြစ်ကြောင်းနဲ့ Bi မွန်းတည့်နေဂျာနယ်ကတော့ ရပ်နားထားမှာဖြစ်ကြောင်း သတင်းထောက်ချုပ် သိန်းမင်း​အောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013