
အွန်လိုင်းစနစ်နဲ့ အရောင်းအဝယ် လုပ်ငန်းတွေကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်ပြီး ဘယ်သူမဆို အွန်လိုင်းကနေ ဈေးရောင်းရင် လုပ်ငန်းမှတ်ပုံတင် လျှောက်ထား ရရှိပြီးမှ လုပ်ကိုင်ခွင့်ရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်မှာ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
အွန်လိုင်း စီးပွားရေး လုပ်ကိုင်သူတွေအနေနဲ့ အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီး ၆ လအတွင်း မဖြစ်မနေ မှတ်ပုံတင်ရမှာ ဖြစ်သလို အဲဒီနောက်ပိုင်း မှတ်ပုံတင် လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းတာ တွေ့ရင် အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
အခုလို အမိန့် ထုတ်ပြန်လိုက်တာကြောင့် တနိုင်တပိုင် အွန်လိုင်း စီးပွားရေး လုပ်ကိုင်သူတွေ အခက်အခဲ ဖြစ်ကုန်တယ်လို့ အွန်လိုင်းရှော့ပ် လုပ်ကိုင်သူတွေက ပြောပါတယ်။
"အခုလို ထုတ်ပြန်လာတော့ ညီမတို့ ငွေကြေးအရလည်း မတတ်နိုင်ဘူး။ တော်တော်လေး အခက်အခဲရှိတာ။ အခုက ကုန်ဈေးနှုန်းကအစ တက်နေတဲ့အချိန်မှာ ခက်ခဲနေတဲ့ ပြည်သူတွေကို မစဉ်းစားဘဲ သူတို့လုပ်ချင်ရာပဲ သူတို့ လုပ်နေတာ။ အဲ့ထဲမှာမှ ဒီလို တနိုင်တပိုင်လေး စီးပွားရေး လုပ်နေတဲ့သူတွေက တော်တော်လေး စိတ်ဓာတ်ကျတယ်။ ပြီးရင် စိတ်ကလည်း တိုချင်တယ်။ ကိုယ်က ရှေ့ဆက်ပြီး ဒီအလုပ်ကိုပဲ လုပ်ဖို့ စဉ်းစားထားတာလေ။ အခု လုပ်ငန်း လိုင်စင် ထပ်လုပ်ရမယ်ဆိုတော့ ဒီအလုပ်ကိုပဲ ဆက်လုပ်ရမလား။ ရွှေ့လိုက်ရမလား တွေဝေနေတယ်။"
"ကုန်ကျစရိတ်က ၅ သိန်းနဲ့ ၁၂ သိန်းကြားလို့ ကြားတယ်။ တော်တော်လေး ခက်တယ်။ ညီမတို့စာရင် ဒိုင်ကြီးတွေက တတ်နိုင်တယ်။ ညီမတို့က အသေးအဖွဲလေးပဲ လုပ်နေတော့ အဲ့လောက် ငွေကြေးကျ ရင်းဖို့ တော်တော် စဉ်းစားရတယ်။ အများပိုင်းကတော့ လုပ်ငန်းတွေ တော်တော် ရပ်နားသွားမယ် ထင်တယ်။ တနိုင်တပိုင်လုပ်နေတဲ့သူတွေပေါ့။ လမ်းကြောင်းကတော့ တော်တော်လေး ပိတ်သွားမယ်။ ပြည်သူတယောက်အနေနဲ့ ဒီလို ခက်ခဲနေတဲ့အချိန်မှာ လုပ်စေချင်တာက လုပ်ပေးဖို့ ကိစ္စတွေ အများကြီးရှိနေချိန် ဒီလို လုပ်ငန်းလိုင်စင် လုပ်ဖို့ ကိစ္စက တော်တော် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်"လို့ တနိုင်တပိုင် အွန်လိုင်း ဈေးရောင်းသူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။
အမိန့် ထုတ်ပြန်ပြီး ၆ လအတွင်း အွန်လိုင်း အရောင်းအဝယ် လုပ်ကိုင်သူတွေအနေနဲ့ မှတ်ပုံမတင်ဘဲ ရောင်းချရင် အရေးကြီး ကုန်စည်ဝန်ဆောင်မှုပုဒ်မ ၅ အရ အနည်းဆုံး ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ကျခံရနိုင်သလို ကျပ် ၅ သိန်းထက် မပိုတဲ့ ဒဏ်ငွေလည်း ချမှတ်ခံရနိုင်ပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံက SME လုပ်ငန်းတွေကို လုပ်ခွင့်ပေးထားတဲ့ အတိုင်းအတာမှာ အဆင်ပြေပေမယ့် ဒီထက်ပိုပြီး ကြပ်မတ်လာရင် အရောင်းအဝယ် လုပ်ကိုင်သူတွေ အထွေထွေ ကျပ်တည်းမှုနဲ့ အခက်အခဲတွေ ရှိလာမယ်လို့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
"အွန်လိုင်း ဈေးရောင်းတယ်ဆိုပေမယ့် ကိုယ့်ရဲ့ လုပ်ငန်းမှတ်ပုံတင်တွေ၊ ကုန်တံဆိပ် မှတ်ပုံတင်တွေ သေသေချာချာ သတ်သတ်မှတ်မှတ် လုပ်ထားတဲ့ လုပ်ငန်းတွေမှာဆိုရင် ပေးသင့်ပေးထိုက်တဲ့ အခွန်တွေ၊ ရုံးစာရွက်စာတမ်းတွေက လုပ်ရပြီးသားပေါ့နော်။ ဒီလို စာရွက်စာတမ်းပေးရတာ အခွန်ဆောင်ရတာတွေ ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ရတာပေါ့နော်။ အဲဒါတွေကို ကြပ်မတ်တာက ကိစ္စ မရှိဘူး။ ဒါပေမယ့် သာမန် အခြေခံလူတန်းစားတွေရဲ့ အွန်လိုင်းပေါ်မှာ ဈေးရောင်းနေတဲ့ ကိစ္စကို နစ်နာအောင် ကြပ်မတ်လာမှာ ဆိုရင်တော့ အခက်အခဲ ဖြစ်မယ်လို့ ယုံကြည်တယ်။"
"မြန်မာနိုင်ငံမှာက E-commerce လို့ ပြောရင် E-commerce ဆိုတာ ဘာဆုပ်ကိုင်ပြရမှန်း မသိသေးတဲ့ အခြေအနေပေါ့နော်။ အွန်လိုင်း စီးပွားရေးလို့ ပြောရင် အကုန်လုံးက ဖေ့စ်ဘွတ်ပေါ်မှာ ဈေးရောင်းတယ်ပဲ မြင်ကြတာ။ အဲဒီအပေါ်မှာ တချို့ကျတော့ ကိုယ့်လုပ်ငန်းသဘောအရ ဖြည့်ဆည်းနိုင်တဲ့သူတွေက မှတ်ပုံတင်ပြီး ရောင်းနေကြတာ ရှိတယ်။ တချို့ကျတော့ တနိုင်တပိုင် လက်လီလက္ကား ပြန်ရောင်းနေကြတာ ရှိတယ်။ အဲဒီလို လူတွေက အွန်လိုင်းပေါ်မှာ ရောင်းခွင့် မရှိတော့ဘူး။ ဖမ်းဆီးတာပြုတာ လုပ်လာမယ်ဆိုရင် အခြေခံ လူတန်းစားတွေ တဖက်တလမ်းကနေ စားဝတ်နေရေး ရှာနေသူတွေအတွက် အခက်အခဲတွေ ရှိလာမယ်။"
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ အွန်လိုင်းစနစ်နဲ့ ရောင်းချတာကတဆင့် နိုင်ငံရေးကို ရည်ရွယ်တာ၊ အများပြည်သူ တည်ငြိမ် အေးချမ်းရေးနဲ့ လုံခြုံရေးကို ပျက်ပြားစေဖို့ ရည်ရွယ် လှုံ့ဆော်တာ၊ ဟောပြောတာ၊ စည်းရုံးတာ၊ အားပေးတာနဲ့ ဆန္ဒဖော်ထုတ်တာတွေကို ရှောင်ကြဉ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ အွန်လိုင်း အရောင်းအဝယ် လုပ်ငန်းတွေနဲ့ ဒစ်ဂျစ်တယ် ငွေကြေးစီးဆင်းမှုကို စောင့်ကြည့် ထိန်းချုပ်ချင်တာကြောင့် ဒီအမိန့်စာကို ထုတ်ပြန်လိုက်တာ ဖြစ်နိုင်တယ်လို့ အွန်လိုင်းစနစ်နဲ့ အရောင်းအဝယ် လုပ်ကိုင်သူတွေက ဝေဖန် ပြောဆိုနေကြပါတယ်။











