
မြန်မာရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် သခင်ကြီး (ခ) ဦးစံမြင့်ဟာ ဇူလိုင် ၂၄ ရက်၊ နေ့လယ်ပိုင်းက ပဲခူးမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ မြန်မာရုပ်ရှင်အသိုက်အဝန်းက ပြောပါတယ်။
ဦးစံမြင့်ဟာ ဒုတိယကမ္ဘာစစ်ကာလနောက်ခံ မြန်မာတော်လှန်ရေးဇာတ်ကားတွေမှာ အင်္ဂလိပ်အရာရှိအဖြစ် အများဆုံး ပါဝင်သရုပ်ဆောင်ခဲ့ရသူဖြစ်ပြီး မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ လောက်က နေအိမ်မှာပဲ ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။
မြန်မာရုပ်ရှင်လောကနဲ့ နီးစပ်သူတဦးက “၆ လပိုင်းလောက်က တခါ တွေ့ခဲ့ရတယ်၊ ကွယ်လွန်တာက ပဲခူးမှာပဲ။ မိသားစုတွေ ပြောပြသလောက်ဆို လူကြီးရောဂါပါပဲ။ အသက်ကလည်း ၁၀၀ နားကပ်နေပြီလေ။ သူနဲ့က အမှတ်တရအများကြီးရှိတယ်၊ ဆားပုလင်းနှင်းမောင် ကားတွေမှာလည်း သူ ပါတယ်။ ၂၀၀၀ ခုနှစ်လောက်က ဗွီဒီယိုလောက တအားပေါက်တဲ့အချိန်က တော်လှန်ရေးကားတွေ အရာရှိနေရာမှာဆို ဦးစံမြင့်ပဲ၊ သခင်ကြီး ဆိုတာ ပရိသတ်က ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်ပါ” လို့ ပြောပါတယ်။
‘မောင်မင်း လူကလေး’ စတဲ့အခေါ်အဝေါ်ကြောင့် မြန်မာဇာတ်ကားကြည့်ရှုသူတွေကြားမှာ အမှတ်တရရှိနေခဲ့သူ ဦးစံမြင့်ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပြီလို့ သိရပြီး ရုပ်ရှင်အနုပညာသက်တမ်း အနှစ် ၄၀ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်ကလည်း နာမည်ကြီး အနုပညာရှင်အဆိုတော် စိမ်းမို့မို့ဟာ ရန်ကုန်မြို့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။











