DVB Logo
Home
မြန်မာသတင်း
ကရင်နီဒုက္ခသည်စခန်းကို ထိုင်းအာဏာပိုင်များ ၀င်စစ်မည်
DVB
·
July 18, 2014
ကရင်နီဒုက္ခသည်စခန်းကို ထိုင်းအာဏာပိုင်များ ၀င်စစ်မည်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ထဲမှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်း ၂ ခုကို ထိုင်းစစ်တပ် အာဏာပိုင်တွေ ၀င်ရောက်စစ်ဆေးမယ်လို့ သက်ဆိုင်ရာက အကြောင်းကြားထားပါတယ်။

မယ်ဟောင်ဆောင်ခရိုင်ထဲက ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ နဲ့ အမှတ် ၂ နှစ်နေရာ လုံးကို ဒီရက်ပိုင်းအတွင်း လာရောက်စစ်ဆေးမယ်လို့ ထိုင်းစစ်တပ်အာဏာပိုင်တွေက ကြိုတင်အကြောင်းကြား ထားပါတယ်။

Karenniဒုက္ခသည်စခန်းအမှတ် ၁ ကို ဇူလိုင်လ ၁၉ ရက်နေ့ကနေ လကုန်တဲ့အထိ ကာလတွေအတွင်း လာစစ်မယ်လို့ ပြောထားတဲ့အတွက် စခန်းအပြင်ဘက်ရောက်နေသူတွေကို အမြန်ပြန်လာဖို့ အကြောင်းကြားထားတယ်လို့ စခန်း အမှတ် ၁ ကော်မတီဥက္ကဋ္ဌ မော်မိုးဘူက ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေက ပြောပြတာပေါ့။ ပြောသွားတာက ၁၉ ရက်ကနေ လကုန်အထိ အဲဒီလိုမျိုးပြောတယ်။ ကျမတို့ လူထုတွေ သိရှိဖို့အတွက် လူတွေပြန်နေဖို့ စခန်းထဲမှာ အကုန်လုံး ရှိဖို့ ပြောသွားတယ်။ နောက်စခန်းထဲမှာ တရားမ၀င်တဲ့ ပစ္စည်းတွေ မရှိဖို့လည်း ပြောပြတယ်။”

သူတို့က လူဦးရေစာရင်း လာစစ်မယ်ဆိုပေမယ့်လည်း စခန်းထဲမှာတော့ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ အခြားတရားမ၀င်ပစ္စည်းတွေ မထားရှိဖို့လည်း သတိပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

စခန်းအမှတ် ၁ နဲ့ ၃ မိုင်လောက်ဝေးတဲ့ စခန်းအမှတ် ၂ ကိုတော့ ဇူလိုင်လ ၁၂ ရက်နေ့က တခေါက် လာရောက်ခဲ့ပြီး ဇူလိုင်လ ၁၈ ရက် ဒီကနေ့မှာ လာမယ်လို့ ပြောဆိုခဲ့ပေမယ့် ရာသီဥတု အခြေအနေကြောင့် ရက်ရွှေ့လိုက်တယ်လို့ စခန်းအမှတ် ၂ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ရှယ်လီသန်းက ပြောပါတယ်။

“ကြိုတင်ပြီး ၁၂ ရက်နေ့မှာ တခေါက်လာသွားတယ်။ ဒီနေ့မှာ ၀င်စစ်မယ်လို့ ပြောတယ်။ ဒါပေမယ့် ကျမတို့ကို အကြောင်းပြန်ကြားတာက မုန်တိုင်းအခြေအနေကြောင့် သူတို့ မ၀င်ဖြစ်သေးဘူးလို့ အကြောင်းကြားတယ်။ ရည်ရွယ်ချက်က လူဦးရေစစ်ဖို့ရယ် လက်ရှိဘယ်လောက်ရှိတယ်၊ လူပို ရှိရင်မရဘူး။ သူတို့ ရထားတဲ့စာရင်းအရ နောက်တခါ ပြန်စစ်ရင် လူသစ်မ၀င်ရဘူးလို့ ကျမတို့ကို ပြောပြတယ်။”

သူတို့စခန်းကို ထိုင်းအာဏာပိုင်တွေက လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်က မနက်အစောကြီး ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ဖူးပြီး ဒီတခေါက်ကတော့ စခန်းမှာ လာရောက်တွေ့ဆုံပြီး ကြိုတင်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က လာစစ်တဲ့အခါ စခန်းမှာရှိမနေရင် မိမိအမည်စာရင်း ပါရှိတော့မှာ မဟုတ်သလို အခြား တတိယ နိုင်ငံထွက်ခွာခွင့်၊ အထောက်အပံ့ စတဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးမှာမို့ စခန်းအပြင်ဘက် အလုပ်ထွက်လုပ်သူတွေ၊ ပညာသင်ကြားသူတွေ၊ စေတနာ့ဝန်ထမ်းသွားလုပ်သူတွေ၊ ပြည်တွင်းပြန်သူတွေကို ခေါ်ထားတာလို့ ဆိုပါတယ်။

ဒုက္ခသည်အများစုကတော့ စစ်တပ်က စာရင်းကောက်ပြီးရင် မြန်မာပြည်ပြန်ပို့ခံရမှာကို စိုးရိမ်ကြေပါတယ်။

ကရင်နီဒုက္ခသည်စခန်း ၂ ခုလုံးမှာ လူဦးရေ ၁ သောင်း ၅ ထောင်ကျော်ရှိပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုစလုံးကို စစ်ဆေးမယ်လို့ အာဏာပိုင်တွေ ပြောဆိုထားပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းနဲ့ ဒီလဆန်းပိုင်းမှာ တာ့ခ်ခရိုင်က အုန်းဖျံ နဲ့ နိုးဖိုးဒုက္ခသည်စခန်း၊ ကန်ချနပူရီက ဘန့်ဒုံယန်း စခန်းတွေကို စစ်ဆေးကာ ၀င်ထွက်သွားလာမှုတွေကို တင်းကျပ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013