
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟုဟာ နှလုံးခုန်မူမမှန်မှုကို ခံစားခဲ့ရပြီးနောက် ဇူလိုင်လ ၂၃ ရက်က ဒါကို ထိန်းညှိပေးမယ့် အီလက်ထရောနစ် နှလုံးစက်တစ်ခုကို တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။
တဲလ်အဗစ် မြို့ဧရိယာရဲ့ ဆေးရုံတစ်ခုက နှလုံးဌာနမှာ ဒီဝန်ကြီးချုပ်ကို စောင့်ကြည့် စစ်ဆေးပေးနေ တယ်လို့ ဆရာဝန်တွေက ပြောကြားပါတယ်။
ရှီဘာဆေးဘက်ဆိုင်ရာ စင်တာရဲ့ နှလုံးခုန်မူမမှန်မှု ကုသရေးဌာနမှာ စီမံခန့်ခွဲနေတဲ့ ရွိုင်း ဘိန်းနာ့တ် ကတော့ "ဒီ ခွဲစိတ်မှုမှာ ရှုပ်ထွေးမှု မရှိခဲ့တဲ့အတွက် အဆင်ပြေ ချောမွေ့ခဲ့ပါတယ်၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား မဟုတ်တာကြောင့် နေပြန်ကောင်းနေပြီ ဖြစ်သလို နေ့စဉ်ပုံစံအတိုင်း ပြန်နေနိုင်နေပြီလည်း ဖြစ်ပါတယ် " လို့ မှတ်ချက်ပေး ပါတယ်။
ဂယ်လစ်လီပင်လယ်ပြင်မှာ အပန်းဖြေအနားယူရာက အပူလှိုင်းဖြတ်သန်းမှုကို အသေအချာ မကာကွယ်ခဲ့တာကြောင့် အစ္စရေးဝန်ကြီးချုပ်အနေနဲ့ ရေဓာတ်ခန်းခြောက်မှုကို ခံစားခဲ့ရပြီး ဆေးရုံတင်ရတဲ့အထိ ဖြစ်ခဲ့တာပါ။
ဒါကြောင့် လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက နေတန်ယာဟုမှာ နှလုံးခုန်နှုန်း စောင့်ကြည့်ရေး စက်တစ်ခု ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၂ ရက် ညမှာ အသက် ၇၃ နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင်ရဲ့ "နှလုံးခုန်နှုန်း ယာယီမူမမှန်မှု" ကို စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် အခုလိုကုသခဲ့ရတာ ဖြစ်တယ်လို့ ဘိန်းနာ့တ် က ပြန်ပြောပြပါတယ်။
Source-Reuters











