
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ရဲစခန်းက စစ်မှုထမ်းအဖြစ်ဖမ်းခေါ်လာတဲ့ လူငယ်တယောက် ကို အောက်တိုဘာ ၉ ရက် ညနေ ၃ နာရီခွဲက ဝိုင်းဝန်းထိုးကြိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါ်တာဆွဲခံရတဲ့ လူငယ်ဟာ အသက် ၂၃ နှစ်အရွယ်သာရှိသေးပြီး ကားတစီးပေါ်တက်ပြီး ထွက်ပြေးဖို့ ကြံရွယ်ချိန်မှာ ရဲယောက်က ဖမ်းဆွဲလိုက်ပြီးနောက် စခန်းထဲကရဲတွေ အကုန်ထွက်လာ ပြီး ဝိုင်းရိုက်ကြတာလို့ ဆိုပါတယ်။
မြင်တွေ့သူတယောက်က “ဖမ်းခေါ်လာတဲ့ စစ်မှုထမ်းကောင်လေးက ထွက်ပြေးတာကို ရဲစခန်းရှေ့မှာ ရဲတွေက ဝိုင်းရိုက်တာ။ ရိုက်နှက်ထိုးကြိတ်ပြီး ပြန်ခေါ်သွားတယ်။ ကောင်လေးက လူရည်သန့်ပဲ အသက် ၂၃ နှစ်လောက်ရှိမယ် အသားဖြူဖြူနဲ့"လို့ ပြောပါတယ်။
အဲဒီအချိန်မှာ ကျောက်တံတားခရိုင်ရဲမှူးနဲ့ မြို့နယ်မှူးလည်းရှိနေပြီး ပေါ်တာဆွဲခံရတဲ့ကောင်လေးက သူ့ကို မတရားပေါ် တာဆွဲလာတာလို့ အော်ဟစ်အကူအညီတောင်းခဲ့တယ်လို့ ဆို ပါတယ်။
မျက်မြင်တွေ့သူတယောက်က “ကောင်လေးက ကျနော့်ကို မတရားဖမ်းလာတာပါ၊ ကျနော့်ကို ပေါ်တာဆွဲလာတာပါဆိုပြီး အော်ဟစ်အကူအညီတောင်းတယ်။ ရှေ့မှာလည်း ကားမှတ်တိုင်က လူတွေလည်း မြင်တယ်။ ဖြစ်တဲ့အချိန် ရဲတွေက သေနတ်တွေချိန်ပြီး ဓာတ်ပုံနဲ့ Video ရိုက်တဲ့သူ ရှိလားဆိုပြီး လိုက်ကြည့်နေတာ"လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းဖို့ လူငယ်တွေကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်နေတဲ့ ဖြစ်စဉ်တွေ ဆက်လက်ရှိနေပါတယ်။
ရန်ကုန်မြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ တပတ်အတွင်း လူငယ် ၃၄ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scout Network ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ စစ်မှုထမ်းဖို့ တရားဝင်စာရင်းထဲ ပါဝင်သူတွေသာမက လမ်းပေါ် သွားလာနေစဉ် ကျပန်းဖမ်း ဆီးခံရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ရဲကား၊ အရပ်ဝတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကားနဲ့ စည်ပင်ယာဉ်တွေကို အသုံးပြုပြီး ဖမ်းဆီးမှု တွေရှိခဲ့တယ်လို့ သိရပါ တယ်။
စစ်တပ်ဟာ စစ်မှုထမ်း အပတ်စဉ် ၂၉ ကို အောက်တိုဘာလ ဒုတိယပတ်မှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ ၂၀၂၆ ဩဂုတ်လအထိ စစ်မှုထမ်းအပတ်စဉ် ၂၇ ကြိမ် ဖွင့်လှစ်ခဲ့ပြီး လူဦးရေ ၁၃၅,၀၈၀ ခန့်ကို စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။











