
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့မှာ ဇူလိုင် ၂၃ ရက်မနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းပေါ်ရေကျော်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့ (က)ရပ်ကွက်၊ မြေနိမ့်ပိုင်း ထားဝယ်-ရှင်မော်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၅/၈) နဲ့ (၁၅/၉) အကြားမှာ ကားလမ်းမပေါ် ရေကျော်နေလို့ လမ်းသွားလမ်းလာ ပြည်သူတွေကို အဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့လည်းဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတို့မှာ နောက် ၇၂ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါနိုင်တယ်လို့ ဇူလိုင် ၂၃ ရက်မှာ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။
အခုသီတင်းပတ်အတွင်းမှာ မိုးများမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ရေကြီးရေလျှံ မြေပြိုဘေးတွေကို အထူးသတိထား ပြင်ဆင်နေထိုင်သင့်တယ်လို့ အမျိုးသားညီ ညွတ်ရေး အစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဇူလိုင် ၂၄ ရက်ကနေ ၃၀ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး လာမယ့် ရက်သတ္တပတ်မှာလည်း မုတ်သုံလေအားကောင်းလာစေနိုင်တယ်လို့ ဆိုပါတယ်။
ထူးခြားချက်အနေနဲ့ မုတ်သုံလေဖိအားနည်းဆဲလ်တွေ တကြိမ်ပျက်ပြီး နောက်တကြိမ်ထပ်မံဖြစ်ပေါ်စေပြီး ရေငွေ့တွေရယူကာ မုတ်သုံမုန်တိုင်းငယ် ဖြစ်စေလာနိုင်ကြောင်းနဲ့ အဆိုပါ ဖြစ်စဉ်နဲ့ယှဉ်တွဲပြီးတော့ မုတ်သုံလေအားကောင်းကာလကို ဇူလိုင် ၂၄ ရက်ကနေ ၃၀ ရက်အထိ ရရှိနိုင်တာကြောင့် တပတ်လုံး မုတ်သုံလေ အားကောင်းနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ကုန်းတွင်းဒေသတွေမှာ မိုးပိုမိုရွာသွန်းလာနိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။
ဒါကြောင့်မို့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့အပြင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းသာမက ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ပါ မိုးသည်းထန်နိုင်ပြီး အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း (ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်)၊ ကရင်ပြည်နယ်(အရှေ့ခြမ်း)ဒေသတွေ၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းမြို့နယ်တွေမှာ မိုးများမှု ကြောင့် နောက်ဆက်တွဲ ရေကြီးရေလျှံ မြေပြိုဘေးတွေကို အထူးသတိထား ပြင်ဆင်နေထိုင်သင့်တယ်လို့ သတိပေးထားပါတယ်။
ခုရက်ပိုင်းအတွင်း မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တွေဘက်မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ကလေးငယ်တွေ အပါအဝင် လူတချို့သေဆုံးပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ရွေ့ပြောင်းနေကြရပါတယ်။
ဇူလိုင် ၂၄ ရက် ဒီကနေ့အတွက် ခန့်မှန်းချက်မှာတော့ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တောင်-အနောက်တောင်လေတွေ တိုက်ခတ်နိုင်ပြီး တောင်ပိုင်းမှာတော့ အနောက်-အနောက်တောင်လေတွေ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
မိုးအခြေအနေကတော့ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာစိပ်စိပ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ နေပြည်တော်တို့မှာ နေရာကျဲကျဲနဲ့ ကျန်ဒေသတွေမှာ နေရာကွက်ကျား မိုးရွာသွန်းနိုင်တယ်လို့ သိရပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာတော့ အနောက်-အနောက်တောင်ဘက်က လေတွေဟာ တနာရီကို ၁၀ မိုင်ကနေ ၁၅ မိုင်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအသင့်အတင့်ရှိနိုင်တယ်လို့ ခန့် မှန်းထားပါတယ်။
Photo-MFSD










