
ဇူလိုင် ၂၂ တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၂၆ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေ လိုက်ပါလာတဲ့ ကားကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာကြောင့် စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့သလို ဝက်လက်မြို့နယ်မှာလည်း စစ်ကောင်စီတပ်ကို PDF တို့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြတာကြောင့် စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မုံရွာမြို့နယ်မှာတော့ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်တွေကို PDF က ပစ်ခတ်ခဲ့ကြပြီး ပုလဲမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီ ရဲစခန်းကို PDF တို့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ PDF တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေသလို တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
ဒါ့အပြင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းထိသွားခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀၀၀၀ လောက်သေဆုံးပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။











