
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရတ်ရှ်ထျာ ပြည်နယ်မှာ မြေပြိုလို့ သေဆုံးသူဦးရေ ၂၆ ဦးအထိ မြင့်တက်လာတယ်လို့ ဘေးအန္တရာယ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ဇူလိုင် ၂၂ ရက်မှာ ပြောပါတယ်။
မြေပြို အပြီး ၂ ရက်အကြာ ဒါဇင်နဲ့ချီတဲ့လူတွေ ရွှံ့အလွှာတွေအောက်မှာ ပိတ်မိနေမှာကို စိုးရိမ် နေရဆဲပါ။
တောင်ကုန်းမြင့်ပေါ် မိုးရွာနေတဲ့ကြားက အလုပ်သမားတွေက အပျက်အစီးတွေကို ဖယ်ရှား နေတာကို ဗီဒီယိုထဲမှာ မြင်ရပါတယ်။
ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမြို့ကနေ ၃၇ မိုင်အကွာမှာရှိတဲ့ ဝေးလံခေါင်သီတဲ့ အီယာရှယ်ဝဒီ တောင်ပေါ်ရွာမှာ ဇူလိုင် ၂၀ ရက် ညက မြေပြိုခဲ့ပြီး အိမ်အများအပြားပြိုကျခဲ့ပါတယ်။
မဟာရတ်ရှ်ထျာပြည်နယ် အနောက်ဘက်က ယာဗတ်မယ်ခရိုင်မှာ အိန္ဒိယလေတပ် ရဟတ်ယာဉ်က လူတွေကို ရေကြီးနေတဲ့ ရွာတွေကနေ ကယ်ဆယ်နိုင်ခဲ့ပြီးပါပြီ။
နဗ်စာရီဒေသမှာ လမ်းတွေရေမြုပ်သွားခဲ့လို့ လူတွေကသူတို့ရဲ့ ယာဉ်တွေကိုမောင်းဖို့ ရုန်းကန်နေရပါတယ်။
လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ အများစုက လယ်ယာလုပ်ငန်းကို မှီခိုနေရပြီး စားဝတ်နေရေးကို ထောက်ပံ့ဖို့ မိုးရေကို မှီခိုနေကြရတာပါ။
ဒါပေမယ့် မိုးအလွန်အကျွံရွာသွန်းမှုကြောင့် ရေကြီးတာ၊ မြေပြိုတာနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။
Source-Reuters