DVB Logo
Home
မြန်မာသတင်း
ကြားကာလရန်ကုန်တက္ကသိုလ်ကောင်စီက “မနုဿဗေဒ နိဒါန်း” သင်တန်းလျှောက်လွှာ ခေါ်ယူ
DVB
·
July 23, 2023
ကြားကာလရန်ကုန်တက္ကသိုလ်ကောင်စီက “မနုဿဗေဒ နိဒါန်း” သင်တန်းလျှောက်လွှာ ခေါ်ယူ
Donate to DVB

ကြားကာလရန်ကုန်တက္ကသိုလ်ကောင်စီ - UYIUC နဲ့ ဖက်ဒရယ်လေလှိုင်းတက္ကသိုလ် - VFU တို့ ပူးပေါင်းဖွင့်လှစ်မယ့် “မနုဿဗေဒ နိဒါန်း” သင်တန်းကို လာမယ့် ဇူလိုင် ၂၅ ရက်မှာ ဖွင့်လှစ်သွားဖို့ ရှိနေပြီး တက်ရောက်လိုသူတွေကို လျှောက်လွှာခေါ်ယူနေပါတယ်။

“ဒီသင်တန်းမှာ လူ့အသိုင်းအဝိုင်းက အဖြစ်အပျက်တွေ၊ ယဉ်ကျေးမှုအမျိုးမျိုးနဲ့ စရိုက်လက္ခဏာ စတာတွေ အချိန်နဲ့အမျှ ဖွံ့ဖြိုးတိုးတက်တာတွေကို လေ့လာမယ့် မနုဿဗေဒ အခြေခံကို မိတ်ဆက်ပေးသွားမှာပါ။ အထူးသဖြင့် ကျယ်ပြန့်ပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ လူ့အသိုက်အဝန်းက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေအပေါ် လူတွေရဲ့ ခံယူချက်၊ ယုံကြည်ချက်၊ တန်ဖိုးထားမှုတွေ၊ လူသားအချင်းချင်း၊ လူသားနဲ့ ပတ်ဝန်းကျင် အပြန်အလှန် ဆက်စပ်၊ ဆက်ဆံပုံတွေ၊ လူတွေရဲ့ဘဝအတွေ့အကြုံတွေနဲ့ သူတို့ရဲ့ ဘဝအပေါ် တခြားလူတွေ တုံ့ပြန်ပြုမူပုံတွေကို အဓိကထားလေ့လာမှာပါ။”

မနုဿဗေဒအခြေခံသင်တန်းမှာ လေ့လာနိုင်မယ့် အကြောင်းအရာတွေကတော့ မနုဿဗေဒနိဒါန်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ယဉ်ကျေးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လူမျိုးစုဆိုင်ရာ လေ့လာမှုများ၊ ဆွေမျိုးတော်စပ်ပုံနှင့် လူမျိုးရေးအယူအဆ၊ အရှေ့တောင်အာရှရဲ့ မနုဿဗေဒဆိုင်ရာပုံရိပ်များ၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ စစ်နှင့် အကြမ်းဖက်မှုအပေါ် သုံးသပ်ချက်များ၊ စုန်းအတတ်နှင့် ယဥ်ကျေးမှု၊ မနုဿဗေဒဆိုင်ရာ ကွင်းဆင်းလေ့လာခြင်း စတဲ့ အခန်း ၉ ခုကို သင်ယူရမှာဖြစ်ပြီးတော့ အချိန် သီတင်းပတ် ၁၄ ပတ်တာ ကြာမြင့်မယ်လို့ ဆိုပါတယ်။

အခမဲ့ တက်ရောက်နိုင်မယ့် ဒီသင်တန်းကိုတော့ အပတ်စဉ် အင်္ဂါနဲ့ ကြာသပတေးနေ့ ညနေ ၆ နာရီခွဲ (မြန်မာစံတော်ချိန်)မှာ သင်ကြားပေးသွားမှာဖြစ်ပြီးတော့ အပတ်စဉ် ဖတ် စရာတွေ အပြန်အလှန်ဆွေးနွေးနိုင်တဲ့ ဆွေးနွေးပွဲတွေနဲ့ သင်ခန်းစာတွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

တကယ်လို့များ သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ အင်တာနက်ဒေတာ အခက်အခဲရှိရင်လည်း လျှောက်ထားနိုင်မှာဖြစ်ပြီးတော့ သင်တန်းတက်ရောက်ဖို့ ရွေးချယ်ခံရသူ တွေထဲက ၂၅ ယောက်ကို လစဉ်ကူညီပံ့ပိုးပေးသွားမယ့်အပြင်  သင်တန်းပြီးဆုံးသည်အထိ တက်ရောက်သူ ၁၀ ယောက်ကိုလည်း နောက်ထပ်ဖွင့်လှစ်မယ့် သင်တန်းတွေအတွက် ပညာသင်ဆုတွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

သင်တန်းသား ရွေးချယ်မှုမှာတော့ ရန်ကုန်တက္ကသိုလ်က CDM တတိယနှစ်နဲ့ စတုတ္ထနှစ်ကျောင်းသူ/ ကျောင်းသားတွေ၊ မနုဿဗေဒကို မေဂျာနဲ့ မိုင်နာယူဖို့ လိုအပ်တဲ့ CDM ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းသူ/ ကျောင်းသားတွေကို ဦးစားပေး ရွေးချယ်မယ်လို့ သိရပြီး တခြားတက္ကသိုလ်တွေက CDM ကျောင်းသူ/ ကျောင်းသားတွေနဲ့ တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသား/ ကျောင်းသူတွေလည်း လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ဖော်ပြပါ လင့်ခ်မှာ ဇူလိုင် ၂၃ ရက်နောက်ဆုံးထားပြီးတော့ လျှောက်လွှာတင်သွင်းဖို့ လိုအပ်ပြီး အသေးစိတ် သိရှိလိုရင်တော့ ကြားကာလ ရန်ကုန်တက္ကသိုလ်ကောင်စီနဲ့ ဖက်ဒရယ်လေလှိုင်းတက္ကသိုလ် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေ၊ ဒါမှမဟုတ် အီးမေးလ်လိပ်စာ [email protected] တို့ကိုလည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဆရာထုနဲ့ ကျောင်းသားထုကို ကိုယ်စားပြုတဲ့ ကြားကာလ ရန်ကုန်တက္ကသိုလ်ကောင်စီကိုတော့ ရန်ကုန်တက္ကသိုလ်ဆရာ၊ဆရာမများသမဂ္ဂနဲ့   ကျောင်းသား များ သမဂ္ဂတို့ ပူးပေါင်းကာ ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီ ၂၁ ရက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ခန့်အပ်မှုနဲ့ စီမံအုပ်ချုပ်ရေးဌာနတွေမှာ ရာထူးတွေ ရယူထားကြတဲ့ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း အပါအဝင် ၇ ဦးကို ကြားကာလရန်ကုန်တက္ကသိုလ်ကောင်စီက အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီက နိုင်ငံတဝန်း အခြေခံပညာကျောင်းတွေ၊ တက္ကသိုလ်တွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ဖို့ ကြိုးစားနေပေမယ့် ဖမ်းဆီးခံကျောင်းသားကျောင်းသူတွေကို ထောက်ရှုသောအားဖြင့် စစ်ကောင်စီအလိုကျ ပြန်ဖွင့်တဲ့ ကျောင်းတွေကို မတက်ကြဘဲ CDM လုပ်ကြဖို့နဲ့ စစ်ကျွန်ပညာရေးကို ဆက်ပြီးသပိတ်မှောက်ကြဖို့ ကျောင်းသားများသမဂ္ဂတွေက တိုက်တွန်းတောင်းဆိုထားကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013