
ဇူလိုင် ၂၁ မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၄၈ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါ တယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသလို မကွေးတိုင်း၊ နတ် မောက်မြို့နယ်မှာလည်း စစ်ကောင်စီရိက္ခာတင်ကားကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဖားကန့်မြို့နယ်မှာတော့ စစ်ကောင်စီ တပ်တွေကို KIA+PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေက PDF တပ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြပြီး ရွှေကျင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA+PDF တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။ ဒါ့အပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်မှာတော့ စစ်ကောင်စီ အမြောက်တပ် ၄၀၂ စခန်းကို PDF တပ်ဖွဲ့တွေက ဒရုန်း ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀၀၀၀ လောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။











