
လူစာရင်းအပြောင်းအလဲတွေရှိတာကြောင့် ရာသီသစ်အတွက် မစဉ်းစားနိုင်သေးကြောင်း မန်စီးတီး နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
မနှစ်က တရာသီအတွင်း အဓိကဆုဖလားသုံးလုံးရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းလူစာရင်းကနေ ကွင်းလယ်လူ ဂွမ်ဒိုဂမ်နဲ့ မာရက်ဇ်တို့က အသင်းကနေထွက်ခွါသွားသလို ကိုင်ဝေါ်ကာ၊ ဘာနာဒိုဆေးလ်ဗားနဲ့ လာပေါ့သ်တို့ဟာလည်း အသင်းပြောင်းရွှေ့ဖို့ရှိနေတာပါ။
အသင်းရဲ့လူစာရင်းကို အပြောင်းအရွှေ့ပိတ်သိမ်းချိန်ရောက်ရှိမှသာ သိရှိနိုင်မှာဖြစ်ပြီး လက်ရှိအခြေ အနေအရကတော့ ရာသီသစ်အကြောင်း မစဉ်းစားနိုင်သေးကြောင်း ဂွါဒီယိုလာကပြောပါတယ်။
မန်စီးတီးအသင်းဟာ ၃ ရက်သာ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်မှာ ယိုကိုဟားမား အသင်းနဲ့ ဂျပန်နိုင်ငံတိုကျိုမြို့မှာ ခြေစမ်းပွဲကစားဖို့ရှိပါတယ်။
အဲဒီနောက် ဇူလိုင် ၂၆ ရက်မှာ တိုကျိုမှာပဲ ဘိုင်ယန်မြူးနစ်နဲ့ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
သြဂုတ် ၆ ရက်မှာကစားမယ့် အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမတိုင်ခင် အက်သလက်တီကို နဲ့ ဇူလိုင် ၃၀ ရက်မှာ ခြေစမ်းဖို့ရှိပါတယ်။










