
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရတ်ရှ်ထရာပြည်နယ်က မြေပြိုမှုမှာ သေဆုံးသူဦးရေဟာ ဇူလိုင် ၂၁ ရက် သောကြာနေ့မှာ ၂၂ ဦးအထိ မြင့်တက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ မရပ်ဆိုင်းခင်မှာ ရွှံ့လွှာတွေရဲ့ အောက်ကနေ နောက်ထပ် ရုပ်အလောင်း ၆ လောင်းကို ထပ်မံ ဆွဲထုတ်ခဲ့ရကြောင်း သဘာဝဘေး ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အခု မိုးအရမ်းရွာနေပြီးတော့ နေ့အလင်းရောင်က အားနည်းလို့ မြင်နိုင်စွမ်းလည်း အားနည်းတာကြောင့် ကယ်ဆယ်ရေးတွေကို ဆိုင်းငံ့ထားရတာဖြစ်တယ် လို့ အမျိုးသား သဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်း ၅ က ကွပ်ကဲသူ အက်စ်ဘီ ဆင်းန် က ပြောပါတယ်။
အပေါ်က မီတာ ၂၀၀ - ၃၀၀ လောက်အကွာမှာ ခံတပ်တခုလဲ ရှိနေတာကြောင့် မြေအောက်ကနေ ရွှံ့တွေ အများကြီး ထွက်လာလို့ နောက်ထပ် မြေပြိုမှုဖြစ်နိုင်ချေ ရှိနိုင်တယ် လို့လည်း ဆိုပါတယ်။
မွမ်ဘိုင်းမြို့ကနေ ၃၇ မိုင်လောက် အကွာရှိ အီရ်ရှာလ်ဝါဒီ တောင်ပေါ်ဇနပုဒ် ကျေးရွာငယ်လေးမှာ ကြာသပတေး ညပိုင်းက မြေပြိုမှုဖြစ်ခဲ့ရာမှာ နေအိမ် အတော်များများ ပြိုကျပိပြားသွားတာပါ။
အဲဒီကျေးရွာမှာ အနည်းဆုံး လူ ၂၂၅ ဦးနေထိုင်ပြီး မြေပြိုမှုကနေ လူ ၈၀ ကျော် လွတ်မြောက်သွားတယ် လို့ ခန့်မှန်းရပါတယ်။
အပျက်အစီးတွေအောက်မှာ လူ ၁၀၀ ကျော် ပိတ်မိနေသေးတယ်လို့ သံသယရှိနေပါတယ်။ နောက်ရက်မှာ ဒီကယ်ဆယ်ရေးလုပ်ငန်းကို ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ထားပြီး နောက်ထပ်သေဆုံးသူတွေကို ပြန်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် လို့ အက်စ်ဘီဆင်းန် က ပြောပါတယ်။
အပျက်အစီးတွေထဲကနေ အလောင်းတွေကို တတ်နိုင်သမျှ များများ ထုတ်ယူနိုင်အောင် ကြိုးစားသွားမယ် လို့လည်း ဆိုပါတယ်။
Source-Reuters











