Home
မြန်မာသတင်း
ခါးပိုက်နှိုက်အန္တရာယ် ကင်းဝေးစေဖို့
DVB
·
July 22, 2023
362401858_819525356250429_5154041931462714617_n
362401858_819525356250429_5154041931462714617_n

လူဦးရေ ၅ ဒသမ ၆ သန်းကျော် ရှိနေပြီဖြစ်တဲ့ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးနဲ့ စီးပွားရေးမြို့ကြီးဖြစ်တဲ့အပြင် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း အများဆုံးရှိတဲ့နေရာလည်း ဖြစ်သလို ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှု သိသိသာသာ လျော့ကျလာခဲ့ပြီး နေ့စဉ် အလုပ်အသွားအပြန်နဲ့ ခရီးသည်တွေဆီကနေ ခါးပိုက်နှိုက်မှု ဖြစ်စဉ်တွေလည်း ပိုမိုများပြားလာတာကို ရန်ကုန်မြို့ခံတွေကိုယ်တိုင် တွေ့ကြုံနေကြရပါတယ်။

ခါးပိုက်နှိုက်တွေဟာ ပိုက်ဆံအိတ်၊ ဖုန်း၊ ငွေသား၊ တန်ဖိုးကြီးနာရီ၊ နိုင်ငံသားသက်သေခံကတ်၊ လက်ဝတ်ရတနာ စတာတွေကို ပစ်မှတ်ထား နှိုက်ယူလေ့ရှိပြီး အဖွဲ့လိုက်လှုပ်ရှားလေ့ ရှိကြပါတယ်။

ခါးပိုက်နှိုက်အများစုက မှတ်တိုင်နဲ့ ဈေးအဝင်အထွက်တွေမှာ စောင့်ကြည့်တာမျိုးတွေရှိပြီး လစာထုတ်ရက်တွေမှာ လှုပ်ရှားမှုအများဆုံးဖြစ်တာကို တွေ့ရပါတယ်။

ခါးပိုက်အနှိုက်ခံရဆုံးစာရင်းမှာ ဖုန်းပါဝင်မှုများပြားပြီး သူခိုးလက်ခံ Second Hand ဖုန်းဆိုင်နဲ့ ဖုန်းပြင်ဆိုင်တွေမှာ ဈေးထက်ဝက်ခန့်နဲ့ အလွယ်တကူ ရောင်းချလေ့ရှိပါတယ်။

ခါးပိုက်နှိုက်တဖွဲ့မှာ ယောက်ျား၊ မိန်းမ အသက်အရွယ်မရွေး ပါဝင်တာကို တွေ့ရပြီး ခါးပိုက်နှိုက်ပြီးပါက အဆင့်ဆင့်လက်လွှဲယူတာ၊ လူစုခွဲတာနဲ့ အသင့်စောင့်နေတဲ့ အငှားကားပေါ် တက်ရောက်သွားတတ်ကြပါတယ်။

အသုံးပြုတဲ့ကိရိယာအဖြစ် ချွန်မြနေအောင် သွေးထားတဲ့ ငွေအကြွေစေ့၊ ခေါက်ဓား၊ သော့ချိတ်ကီးချိန်း စတာတွေကို အဓိကသုံးလေ့ရှိပြီး ဝတ်စားဆင်ယင်ပုံက ခရီးသည်တွေနဲ့ မကွဲပြားအောင် နေထိုင်လေ့ရှိပါတယ်။

ခါးပိုက်နှိုက်တွေဟာ အောက်ပါ လူထူထပ်တဲ့နေရာတွေကို စားကျက်အဖြစ် ရွေးချယ်လေ့ ရှိပါတယ်။

၁။ ခရီးသည်ပို့ဆောင်ရေးလိုင်းများ

YBS ဘတ်စ်ကား‌ပေါ်၊ ရထားပေါ်နဲ့ ရထားဘူတာ၊ သင်္ဘောဆိပ်၊ လေဆိပ်၊ အဝေးပြေးကွင်း။

၂။ ဈေးဝယ်၊ သင်တန်းနေရာများ

ဥပမာ- လှည်းတန်း၊ ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေး၊ ရှော့ပင်းမောတွေ၊ မင်္ဂလာဈေး၊ ယုဇနပလာဇာ။

၃။ ပွဲတော်နှင့် ထင်ရှားသောနေရာများ

ဥပမာ- ဂီတပွဲ၊ ၁၂ ရာသီဈေးပွဲ၊ ဆူးလေ၊ အင်းလျား၊ ကစားကွင်း။

၄။ ဘာသာရေးအခမ်းအနား၊ အဆောက်အဦများ

သတ်မှတ်ထားတဲ့ နေ့ထူး‌နေ့ရက်၊ လပြည့်နေ့တွေနဲ့ ပိတ်ရက်တွေမှာ လာရောက်ကြသူတွေ များပြားတာကြောင့် ခါးပိုက်နှိုက်မှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

၅။ စားသောက်ဆိုင်နှင့် လူစည်ကားသည့် လမ်းများ

ရန်ကုန်မြို့ရဲ့ စားသောက်ဆိုင်တွေနဲ့ တိုးဝှေ့သွားရတဲ့ ညနေခင်းလို ဈေးလမ်းမတွေဟာလည်း ခါးပိုက်နှိုက်ခံရမှု အများဆုံးထဲက နေရာတွေ ဖြစ်နေတတ်ပါတယ်။

ခါးပိုက်နှိုက်တွေဟာ အသွင်အမျိုးမျိုးရှိတာကြောင့် ခါးပိုက်နှိုက်ခံရတဲ့ ဖြစ်စဉ်တွေကို ကိုယ်ကိုယ်တိုင်ရော၊ သူများမှာ ဖြစ်ပေါ်နေတာကိုပါ မျက်မြင် သို့မဟုတ် သတင်းတွေကနေ ကြားဖူး ဖတ်ဖူးပါလိမ့်မယ်။

မှတ်ပုံတင်ရော၊ ဖုန်းပါ ခါးပိုက်နှိုက်တွေလက်ထဲ ပါသွားပါက ဖုန်းဆင်းကတ်ကတဆင့် အွန်လိုင်းဘဏ်စနစ်တွေအထိ ဝင်ရောက်ထုတ်ယူနိုင်တာ၊ ငွေချေး app တွေကနေ မှတ်ပုံတင်သုံးပြီး ငွေချေးယူတာနဲ့ ဖုန်းလုံခြုံရေးကုတ်ကို ကျော်လွှားနိုင်ပါက ဖုန်းထဲရှိ အရေးကြီးအချက်အလက်၊ ပုံ၊ ဗီဒီယိုတွေကို ကူးယူထားပြီး ခြိမ်းခြောက်တာတွေ၊ ငွေညှစ်တာတွေအထိ ဖြစ်ပေါ်နေပါတယ်။

တနေ့တခြား အင်အားကောင်းလာတဲ့ ခါးပိုက်နှိုက်တွေကို ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေမှာ အရည်အသွေးညံ့ဖျင်းတာ၊ ရဲတာဝန် မကျေနိုင်တာနဲ့ လာဘ်ငွေယူကာ ဖမ်းမိခိုးဆိုးလုနှိုက်တွေကို ဥပဒေမဲ့ လွှတ်ပေးတာမျိုးတွေသာ လုပ်ဆောင်နေတာကြောင့် ခရီးသည်တွေက ကိုယ်ပိုင်ပစ္စည်းဥစ္စာနဲ့ အသက်လုံခြုံရေးအတွက် ကိုယ့်တာဝန် ကိုယ်ယူနေကြရပါတယ်။

ခါးပိုက်နှိုက်တွေမှာ လူကို အသက်အန္တရာယ်ဖြစ်ပေါ်စေတဲ့အထိ ဖြစ်နိုင်တဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေ ဆောင်လာတတ်တာကြောင့် ခါးပိုက်နှိုက်ဖြစ်စဉ်ကနေ ကာကွယ်ဖို့ နည်းလမ်းတွေလည်း ရှိပါတယ်။

နည်းလမ်းတွေထဲက ၂ ချက်မှာ …

၁။ ခါးပိုက်အနှိုက်မခံရအောင် ကြိုတင်ရှောင်ရှားခြင်း

၂။ ခါးပိုက်နှိုက်ကို တုံ့ပြန်ခြင်း

၁။ ခါးပိုက်အနှိုက်မခံရအောင် ကာကွယ်ခြင်း

ကြိုတင်ကာကွယ်တဲ့ ဖြစ်စဉ်မှာ

(က) လမ်းသွားရင်း ဖုန်းသုံးတာမျိုးကို ရှောင်ပြီး ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့်ပါ။

(ခ) ပိုက်ဆံအိတ်၊ ဖုန်း၊ တန်ဖိုးရှိအရာကို အိတ်ကပ်ထဲ သေချာထည့်ပြီး ကိုယ့်အရှေ့မှာ လွယ်ထားပါ။

(ဂ) မှတ်ပုံတင်၊ ပတ်စ်ပို့ စတဲ့ သက်သေခံကတ်တွေကို မလိုအပ်ဘဲ ယူဆောင်တာမျိုး ရှောင်ပြီး အိတ်ကပ်တွေရဲ့ အတွင်းပိုင်းမှာ ထည့်တာမျိုး လုပ်ပါ။

(ဃ) ဘောင်းဘီနောက်ဘက်အိတ်၊ အင်္ကျီဘေးအိတ်ထဲ ဖုန်း၊ ပိုက်ဆံအိတ်ထည့်ပြီး အပြင်ကို ငေးကြည့်နေတာ၊ သီချင်းနားထောင်‌တာမျိုးကို ရှောင်ပါ။

(င) တန်ဖိုးကြီး လက်ဝတ်လက်စား၊ ပစ္စည်းတွေကို တမင်ကြွားဝါတာမျိုးတွေက ခါးပိုက်နှိုက်တွေကို အာရုံရောက်စေပါတယ်။

(စ) YBS စီးပါကလည်း အကြွေကြိုထုတ်တာမျိုး၊ YPS ကတ်နဲ့သာ စီးနင်းတာမျိုး လုပ်ပါ။

(ဆ) ဖုန်းမှာ တည်နေရာပြသနိုင်မယ့် စနစ်၊ ပါဝါအလွယ်တကူပိတ်လို့ မရတဲ့စနစ် ထည့်ထားပါက ခါးပိုက်နှိုက်တွေရဲ့ ဖုန်းစက်ပိတ်ပြီး ဖျောက်ဖျက်သွားလို့ မရပါ။

(ဇ) အရေးပေါ်အခြေအနေနဲ့ သူစိမ်းတွေက ရုတ်တရက် လာပြောဆိုတဲ့ဖြစ်စဉ်မှာ ပြင်ပကို အာရုံမရောက်ဘဲ ကိုယ့်ပစ္စည်းကို အာရုံစိုက်ပါ။

၂။ ခါးပိုက်နှိုက်ကို တုံ့ပြန်ခြင်း

တုံ့ပြန်တဲ့နေရာမှာ ကိုယ်တိုင် သို့မဟုတ် သူများကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ YBS ကားပေါ်မှာ ဖုန်းခါးပိုက်နှိုက်ခံရပြီး သိသိချင်း ယာဉ်မောင်း၊ ခရီးသည် ပူးပေါင်းကာ ခါးပိုက်နှိုက်နဲ့ ဖုန်းကို လက်ရဖမ်းဆီးတာမျိုးတွေ ရှိခဲ့ပါတယ်။

၂၀၂၃ မေလ နေ့လယ်ပိုင်းက လှိုင်သာယာကနေ ဆူးလေပန်းခြံအထိ ပြေးဆွဲ‌တဲ့ ယာဉ်လိုင်းတခုပေါ်မှာ ယာဉ်မောင်းအပါအဝင် လူ ၁၀ ယောက်လောက်သာ ပါဝင်ခဲ့တာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသားတယောက်က အင်းစိန်ရွာမမှတ်တိုင်မှာ ဆင်းဖို့ ကားတံခါးကို လာခဲ့ပါတယ်။

ဖုန်းအသုံးပြုပြီး ဆင်းခါနီးမှာ ဘောင်းဘီအနောက်အိတ်ထဲ ဖုန်းထည့်ကာ ဆင်းသွားပေမဲ့ မှတ်တိုင်အရောက်မှာ ဘလူးတုနားကြပ်ကနေ အသံပြတ်တောက်သွားတာကြောင့် ဖုန်း ခါးပိုက်နှိုက်ခံရတယ် ဆိုတာကို သိရှိပြီး ကားအရှေ့တံခါးကို ပြေးတက်ကာ ယာဉ်မောင်းကို ပြောပြခဲ့ပါတယ်။

အဆင်းတံခါးနားမှာ ရပ်နေတဲ့ အသက် ၂၀ ကျော် အမျိုးသား ၁ ဦး၊ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးက အမြန်ဆင်းပြေးတာကြောင့် ယာဉ်မောင်းဟာ ကားတံခါးပေါက် ၂ ခုစလုံးကို အမြန်ပိတ်ချလိုက်ပါတယ်။

ယာဉ်မောင်း၊ ခရီးသည် ၁ ဦး၊ ခါးပိုက်နှိုက်ခံရသူ ၁ ဦးသာ ခါးပိုက်နှိုက်တွေကို ဖမ်းဆီးမယ့် အမျိုးသားတွေ ဖြစ်ကြပြီး ကျန်ခရီးသည်တွေဟာ အမျိုးသမီးတွေ ဖြစ်တာကြောင့် ဖုန်းပြန်ရပြီးချိန်မှာ ခါးပိုက်နှိုက်အမျိုးသား ၃ ဦးထဲက ၂ ဦးကို လွှတ်ပေးခဲ့ရပြီး အသက် ၂၀ ကျော်အရွယ် ခါးပိုက်နှိုက် ၁ ဦးတည်းကို သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ် ဘန်ကာကို အပ်နှံခဲ့တယ်လို့ သိရပါတယ်။

ခါးပိုက်နှိုက်ကို တုံ့ပြန်တဲ့နေရာမှာ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မိမိတို့ရဲ့ လုံခြုံရေးကို အဓိကစဉ်းစားပြီး တုံ့ပြန်တာမျိုးကို ဦးစားပေးလုပ်ဆောင်သင့်ပြီး ပြည်သူတွေကိုယ်တိုင် ဖမ်းဆီးပေးရတာမျိုးဟာ စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုပေါ် မူတည်ပါတယ်။

၂၀၂၂ ဒီဇင်ဘာလက ရန်ကုန်မြို့၊ ခိုးဆိုးလုနှိုက်တွေကို တားဆီးဖို့ အရပ်ဘက်အဖွဲ့ဖြစ်တဲ့ Fight The Thieves လိုအဖွဲ့ ပေါ်ပေါက်ခဲ့ပေမဲ့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ တားမြစ်မှု၊ ‌နယ်ခံလူမိုက်တွေနဲ့ သတိထားဆက်ခံနေရမှုတွေကြောင့် ထိရောက်မှုမျိုး မတွေ့ခဲ့ရပါဘူး။

၂၀၂၂ နိုဝင်ဘာလက ရန်ကုန်မြို့၊ လှည်းတန်းနဲ့ မြေနီကုန်းမှာ အုပ်စုဖွဲ့ ခါးပိုက်နှိုက် လုယက်မှု ကျူးလွန်နေတဲ့ အမျိုးသား ၉ ဦး၊ ဖုန်းဆိုင်ပိုင်ရှင် ၂ ဦးကို ဖုန်းအလုံး ၁၂၀၊ ကျပ်ငွေ ၅,၆၈၀,၀၀၀ ခန့်၊ ခါးပိုက်နှိုက်လုယက်မှု ၄၅ မှုနဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ စီမံချက်အရ ဖမ်းဆီးမိခဲ့ဖူးပါတယ်။

၂၀၂၂ ဒီဇင်ဘာလ ၅ ရက်က မင်္ဂလာဒုံ ခရေပင်လမ်းခွဲမှာ ခါးပိုက်နှိုက် ၅ ဦး၊ တက္ကစီယာဉ်မောင်း ၁ ဦးကို YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်လုယက်မှုအတွက် ဖမ်းမိခဲ့ပြီး ပရိုဘောက်ကား ၁ စီး၊ ဖုန်း ၈ လုံး၊ ကျပ်ငွေ ၈ သောင်းနဲ့ ထပ်မံ ဖမ်းဆီးခဲ့တာကို တွေ့ရပါတယ်။

၂၀၂၃ ဇူလိုင်လ ၁၅ ရက် တနေ့တည်း ရန်ကုန်မြို့မှာ အဓိက ခရီးသည်ပို့ဆောင်ရေးဖြစ်တဲ့ ရန်ကုန်ဘတ်စ်ကားလုပ်ငန်းတွေရဲ့ YBS ယာဉ်လိုင်း ၁၁၈ လိုင်း၊ ယာဉ်စီးရေ ၃,၅၄၁ စီး၊ ခရီးသည် ၁ ဒသမ ၄ သန်းကျော် စီးနင်းနေကြပြီး ရန်ကုန် အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းဟာ ၂၃၃ လိုင်း၊ ယာဉ်စီးရေ ၆၈၃ စီး၊ ခရီးသည် ၁၀,၂၉၅ ဦး ရှိတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်‌ရေး ကြီးကြပ်မှုကော်မတီရဲ့ မှတ်တမ်းအရ သိရပြီး နေ့စဉ် အလုပ်သွားအလုပ်ပြန် ခရီးသည်တွေရဲ့ ပစ္စည်းတွေ ခါးပိုက်နှိုက်ခံရမှု အများဆုံးနေရာတွေလည်း ဖြစ်ပါတယ်။

သက်ဆိုင်ရာ YBS ယာဉ်တွေမှာ လုံခြုံရေးအတွက်ဆိုကာ ယာဉ်အတွင်းပိုင်းကို CCTV တွေ တပ်ဆင်တာတွေ၊ အရေးပေါ်နံပါတ်တွေ ဖော်ပြထားပေမဲ့ လက်တွေ့မှာတော့ လူတဦး ခါးပိုက်နှိုက်ခံရတဲ့အခါမှာ ယာဉ်မောင်းတွေက ခရီးစဉ်နှောင့်နှေးတယ်လို့ ပြော‌ဆိုတာ၊ တရားခံ ရှာဖွေပေးခြင်းမရှိတာ၊ တခြားခရီးသည်တွေက ပါဝင်မပူးပေါင်းတာ၊ ကားတံခါးကို အလွယ်တကူ ဖွင့်ပေးလိုက်တာနဲ့ ရဲစခန်းအထိ လိုက်ပါပို့ဆောင်တာ မရှိတာတွေ ဖြစ်ပေါ်နေပါတယ်။

ခိုးဆိုးလုနှိုက်အန္တရာယ်က ကင်းဝေးဖို့ဆိုပါက တဦးချင်းစီမှာ တာဝန်ရှိသလို နစ်နာသူအတွက် ယာဉ်လိုင်းဘက်က ဘာတွေလုပ်ဆောင်ပေးမလဲဆိုတဲ့ ကတိကဝတ်နဲ့ ခရီးသည်၊ ယာဉ်လိုင်း၊ ယာဉ်မောင်း၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ပါဝင်ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တာကို စိစစ်တွေ့ရှိခဲ့ရပါတယ်။

ဝေယံဦးကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024