DVB Logo
Home
မြန်မာသတင်း
ပုဂံအာနန္ဒာပုထိုး‌တော်ရှိ ရှေးဟောင်းရုပ်ပွားတော် ၄ ဆူကို ရွှေသင်္ကန်းကပ်ရန် စီစဉ်နေ
DVB
·
July 22, 2023
ပုဂံအာနန္ဒာပုထိုး‌တော်ရှိ ရှေးဟောင်းရုပ်ပွားတော် ၄ ဆူကို ရွှေသင်္ကန်းကပ်ရန် စီစဉ်နေ
1 / 5
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့မှာရှိတဲ့ စေတီပုထိုးအမှတ် ၂၁၇၁ ဖြစ်တဲ့ အာနန္ဒာ ပုထိုးတော်အတွင်းက ၁၈ တောင်အမြင့်ရှိ ရပ်တော်မူ ရှေးဟောင်းရုပ်ပွားတော် ၄ ဆူကို ရွှေသင်္ကန်းအသစ်ကပ်ဖို့  စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့ ပုဂံမြို့ခံတွေက ပြောပါတယ်။

ဘုရားအတွင်းရှိ မုခ်လေးခုဖြစ်တဲ့ မြောက်ဘက်မုခ်မှာ ကကုသန်၊ အနောက်ဘက်မုခ်မှာ ကောဏဂုံ၊ တောင်ဘက်မုခ်မှာ ကဿပ၊ အရှေ့ဘက်မုခ်မှာ ဂေါတမ စသဖြင့် ပွင့်ခဲ့ပြီးတဲ့ ဘုရားလေးဆူကို ရည်ညွှန်းကာ ၁၈ တောင်အမြင့် ရပ်တော်မူဘုရား ၄ ဆူ ရှိပါတယ်။

ရှေးဟောင်းရုပ်ပွားတော်တွေဟာ ရွှေသင်္ကန်းကပ်၊ ပုထိုးနံရံတွေကို ထုံးသုတ်ခံရတာနဲ့ ပတ်သက်ပြီး ပုဂံမြို့ခံ ထိန်းသိမ်းရေးပညာရှင်တဦးဖြစ်တဲ့ ဦးဇေမျိုးလင်းရဲ့ လူမှုကွန်ရက်မှာ အခုလို ရေးသားထားပါတယ်။

“အာနန္ဒာဘုရားဂေါပကတွေဟာ လွန်ခဲ့တဲ့ နှစ် ၈၀ လောက်ကတည်းက ဘုရားအတွင်းပိုင်းက ဆေးရေးလက်ရာတွေကို နှစ်စဉ်မှန်မှန် ထုံးသုတ်ဖျက်ဆီးလာခဲ့ကြသူတွေပါ။ အခု ထုံးသုတ်လို့ မရတော့ ဘာလုပ်လဲဆိုတော့ ဆင်းတုတော်ကြီးတွေကို ရွှေချတယ်ပေါ့။ ရှေး/သုရော၊ ထွေအုပ်ရော၊ ပညာရှင်ဆိုသူတွေကရော လိုက်ထိန်းမယ်မရှိဘူး၊ ဘုရားထဲ ရေဝင်တာ ၄၊ ၅ နှစ်ရှိပြီ။ အဲ့ဒီပြဿနာအတွက် အဖြေရှာရမယ့်အစား ဘုရားရွှေချမယ်၊ Preservation, Conservation and Restoration လုပ်ရမယ့်အစား ထုံးသုတ်လိုက်၊ ရွှေချလိုက် လုပ်နေကြတာ အနှစ်တရာပြည့်တော့မယ်။”

အာနန္ဒာပုထိုးတော်အတွင်းရှိ တောင်ဘက်နဲ့ မြောက်ဘက်မုခ်က ရုပ်ပွားတော်ကြီးတွေကတော့ ပုဂံခေတ် ၁၂ ရာစု လက်ရာတွေဖြစ်ပြီး အရှေ့ဘက်နဲ့ အနောက်ဘက်က ရုပ်ပွားတော်တွေကတော့ ၁၈ ရာစု လက်ရာတွေလို့ သိရပါတယ်။

ပုဂံမြို့ ဧည့်လမ်းညွှန်တဦးက “ဘုရားတွေကို အခုမှမဟုတ်ပါဘူး၊ ဂေါပကတွေက ဘုရားတွေ ရွှေကလေးအရောင်မှိန်တာနဲ့ ထပ်ထပ်လုပ်နေတာ ကြာပြီ။ အသစ်ပြန်လုပ်နေတာ။ ရွှေစည်းခုံတို့ ဗူးဘုရားတို့လည်း အဲ့လိုပဲလေ။ ရွှေသင်္ကန်းက အရောင်လွင့်သွားရင် ပြန်ကပ်တာပဲ။ ထိန်းသိမ်းတဲ့အပိုင်းဆိုရင် ဂေါပကတွေက ထုံးသုတ်တာနဲ့ ရွှေသင်္ကန်းကပ်တာပဲ လုပ်တာများတယ်။ ရှေးဟောင်းသုတေသနတို့ တခြား ဌာနဆိုင်ရာ အဖွဲ့တွေကလည်း ပူးပေါင်းလုပ်တာမျိုးတွေ သိပ်မရှိကြဘူး။ သဒ္ဓါလို့လှူတာပဲဆိုပြီး လုပ်နေကြတာ” လို့ ပြောပါတယ်။

အာနန္ဒာပုထိုးတော်ဟာ မြန်မာသက္ကရာဇ် ၄၅၂ ခုနှစ်၊ ခရစ်နှစ် ၁၀၉၁ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ ကျန်စစ်သားမင်းကြီးရဲ့ ကောင်းမှုတော်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင်ထားပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ( ဇေမျိုးလင်း၊ ဝေယံဦးကြည်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013