DVB Logo
Home
မြန်မာသတင်း
နိုင်ကျဉ်းဟောင်းများ အလုပ်မခန့်ခြင်းနှင့် အိမ်မငှားခြင်းများ ကြုံနေရ
DVB
·
July 21, 2023
နိုင်ကျဉ်းဟောင်းများ အလုပ်မခန့်ခြင်းနှင့် အိမ်မငှားခြင်းများ ကြုံနေရ
1 / 2
Donate to DVB

နွေဦးတော်လှန်ရေးမှာ ပါဝင်လို့ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ချခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အိမ်ရှင်တွေက အိမ်ဆက်မငှားတာ၊ အလုပ်ရှင်တွေက အလုပ်မခန့်တာတွေ ကြုံနေရတယ်လို့ သိရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစ အာဏာသိမ်းပြီးခါစနှစ်တွေမှာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ ပြည်သူလူထုကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ဆူပူစေမှု စတာတွေနဲ့ ဖမ်းဆီး ထောင်ချခဲ့တဲ့နောက် ၂ နှစ်အကြာမှာတော့ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်လွတ်မြောက်လာခဲ့တာမှာ အိမ်ငှားနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အိမ်ရှင်တချို့က အိမ်ဆက်မငှားတာတွေ၊ အလုပ်ရှင်တွေက အလုပ်မခန့်တာတွေ ကိုယ်တိုင်ကြုံတွေ့နေရတဲ့အကြောင်း ၅၀၅(က) နဲ့ အမှုဖွင့်ခံရပြီး ထောင် ၂ နှစ် ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က အခုလို ပြောပါတယ်။

“ထောင်ထဲမှာ ၂ နှစ်၊ ၂ နှစ်ကျော်နေပြီး ပြန်လာရတာ။ အလုပ်အကိုင်လည်း မရှိဘူး။ ဘယ်သူမှလည်း အလုပ်မပေးချင်ဘူးဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့လိုလူမျိုးတွေ အလုပ်အကိုင်လည်း မရှိဘူး၊ ငွေရေးကြေးရေး အခက်အခဲရှိတယ်၊ ကျနော်ဆိုရင် အိမ်ငှားဖို့ကို အိမ်ရှင်က အာ့လိုဆိုတာ သိသွားတဲ့အချိန်မှာ ကိုယ်က မိသားစုဆီ ပြန်နေတဲ့အခါ ကိုယ့်မိသားစုကိုပါ အိမ်ရှင်က မငှားတော့ဘူးလို့ ပြောလာတာတွေရှိတော့ အခက်အခဲတွေက ရှိတာပေါ့ အများကြီးပဲ။ ကျနော်တို့က ကိုယ်ယုံကြည်လို့ ကိုယ်လုပ်တာ၊ ဓမ္မတွေ အဓမ္မတွေဆိုတာထက်၊ ဒီအပေါ်မှာ ရလာတဲ့ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ကျနော်တို့က ခံဖို့အဆင်သင့်ပဲ။ ထောင်ထဲတောင် မသေလို့ ပြန်ထွက်လာခဲ့ပြီးပြီပဲ။ ဒီလောက်ကတော့ ကျနော်တို့အနေနဲ့က ခံစားမှုတော့ ရှိမနေပါဘူး။ ဒါပေမဲ့ ရင်ထဲတော့ မကောင်းဘူးပေါ့ဗျာ။ နိုင်ကျဉ်းတော်တော်များများ၊ ထောင်ကထွက်လာတဲ့သူ တော်တော်များများက စိတ် ထရော်မာ ရှိတယ်ဗျ။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဒုက္ခတွေတင် မဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေလည်း ကျနော်တို့မှာ အများကြီးရှိတယ်။”

အခုလိုအခြေအနေတွေက ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ အဖြစ်များနေပြီး နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျ ပြန်လွတ်မြောက်လာတဲ့ လူဦးရေရဲ့ ထက်ဝက်ကျော်လောက်က ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ 

ဒီလိုဖြစ်နေတာက စစ်ကောင်စီက မြို့ပြလူထုအပေါ် ရိုက်သွင်းထားတဲ့ အကြောက်တရားတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကျောင်းသားတယောက်က ပြောပါတယ်။

“ဒါက ရှော့ဖြစ်စရာ အခြေအနေမျိုးလို့ ကျနော်တို့က ယူဆလို့ရတယ်ပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ အရင်တုန်းက ထောင်မကျခင်က ရှိခဲ့တဲ့ အခြေအနေမှာ ကျနော်တို့ပြည်သူတွေ ဒီနိုင်ငံရေး အရေးအခင်းထဲမှာ ပါဝင်တဲ့ လူငယ်တွေကို နည်းလမ်းပေါင်းစုံနဲ့ ကူညီတယ်။ ကျနော်တို့ ပြန်ထွက်လာတယ်ဆိုတဲ့ အခြေအနေမျိုးမှာ ဒီလိုမျိုး တုံ့ပြန်ခံလိုက်ရတယ် ဆိုတာမျိုးက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအနေနဲ့ အင်မတန် စိတ်မကောင်း ဖြစ်စရာကောင်းတဲ့ အခြေအနေလို့ ယူဆလို့ရပါတယ်။ ကျနော်တို့လည်း အထဲမှာ တွေ့ခဲ့တဲ့ဟာမျိုး ရှိတယ်၊ ဘာမှမဟုတ်ဘူး၊ ငွေတထောင်၊ တရာ မုန့်ဖိုးပေးမိတာကို ၅၀-ည နဲ့ ထောင်ဆယ်နှစ်ချတဲ့ အခြေအနေမျိုးလေ။ လမ်းဘေးမှာ ရပ်ကြည့်နေရင်း ထောင် ၃ နှစ်လောက် ကျနေတဲ့ဟာမျိုးတွေဆိုတော့ မဆိုင်လည်း ဒါမျိုးတွေလုပ်တယ်။ ဒါတွေ လုပ်ပြနေတဲ့ အခြေအနေမျိုးမှာ လူထုက အကြောက်တရား မတရားစိမ့်ဝင်နေတဲ့ အနေအထားမျိုး ရှိနေတယ်။ ဆိုတော့ ခုနကပြောတဲ့ မြို့ပြမှာရှိနေတဲ့ လူထုက အခုလိုမျိုး ကျနော်တို့လို နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့သူတွေကို ကူညီပေးရမှာတို့ ပတ်သက်ရမှာ၊ ဆက်နွှယ်ရမှာ၊ စကားပြောရမှာကို ကြောက်နေတဲ့ အခြေအနေမျိုးပေါ့။”

နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ကတော့ အခုလိုအခြေအနေမျိုးတွေ ကြုံနေရပေမဲ့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေဖို့ကိုလည်း တိုက်တွန်းပြောပါတယ်။

အာဏာသိမ်းချိန်ကနေ ဇူလိုင် ၂၀ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ ၂၃,၉၇၇ ထဲက ၁၉,၅၉၃ ယောက်က ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၆,၉၂၃ ယောက်က ထောင်ဒဏ်ချမှတ်ခံထားရကာ ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ ၄,၃၈၄ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013